သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးတွေကို ပြုစုပျိုးထောင်ပေးဖို့ အရေးကြီးဟု ဂျက်ကီချန်းဆို


ဟောင်ကောင် ရုပ်ရှင်မင်းသား ဂျက်ကီချန်း ဟာ UNICEF ကုလသမဂ္ဂ ကလေးများ အရေးပေါ် ရန်ပုံငွေအဖွဲ့ရဲ့ ချစ်ကြည်ရေး သံအမတ်ကြီးအဖြစ်နဲ့ မြန်မာနိုင်ငံကို ၃ ရက်ကြာ ခရီးရောက်ရှိခဲ့ပြီး ကလေးများ လူကုန်ကူးမှု အန္တရာယ်ကာကွယ်ရေး ဆောင်ရွက်မှုတွေကို လေ့လာခဲ့ပါတယ်။ ဂျက်ကီချန်းရဲ့ မြန်မာနိုင်ငံခရီးစဉ် အပေါ် သုံးသပ်ချက်ကိုတော့ ဒေါ်ခင်စိုးဝင်းက က တင်ပြထားပါတယ်။

မြန်မာနိုင်ငံကို ဇူလိုင်လ ၅ ရက် ကြာသပတေးနေ့ နေ့လယ်ပိုင်းက ရောက်ရှိလာတဲ့ ဟောင်ကောင် ရုပ်ရှင်မင်းသား ဂျက်ကီချန်း ဟာ လူမှုဝန်ထမ်း ဝန်ကြီးဌာနနဲ့ မန္တလေးမြို့က လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ လူကုန်ကူးခံရတဲ့ ကလေးတွေ၊ မိဘမဲ့ကလေးတွေနဲ့ အိပ်ချ်အိုင်ဗွီ ရောဂါပိုး ကူးစက်ခံနေရတဲ့ ကလေးတွေနဲ့လည်း ဂျက်ကီချန်းက တွေ့ဆုံ အားပေးခဲ့ပါတယ်။ UNICEF ရဲ့ ချစ်ကြည်ရေး သံအမတ်ကြီးအဖြစ်နဲ့ ကလေးတွေရဲ့ အနာဂတ်အတွက် သူ့ရဲ့ ကြိုးပမ်းမှုနဲ့ ပတ်သက်ပြီး အေပီသတင်းဌာနနဲ့ သီးသန့်တွေ့ဆုံခန်းမှာ ဂျက်ကီချန်းက အခုလို ပြောသွားပါတယ်။

“ဗီယက်နမ်၊ ကမ္ဘောဒီယား၊ မြန်မာ စတဲ့ ဘယ်နိုင်ငံကိုပဲ သွားသွား အရေးကြီးဆုံး ကျနော် ပြောချင်တာကတော့ မေတ္တာ ထားကြဖို့ပါပဲ။ အေးအတူပူအမျှ စည်းလုံးညီညွတ်ကြဖို့ လိုပါတယ်။ ကလေးတွေဟာ ကျနော်တို့ရဲ့ အနာဂတ် ဖြစ်တာကြောင့် ကလေးတွေကို စောင့်ရှောက်ကြရမယ်၊ ပြုစုပျိုးထောင် ကြရပါမယ်။ ကျနော် ငယ်ငယ်က ပညာကောင်းကောင်း မသင်ခဲ့ရပါဘူး။ ဒါ့ကြောင့် ကမ္ဘာတဝန်းက ကလေးတွေ၊ အထူးသဖြင့် တရုတ်ပြည်က ကလေးတွေရဲ့ ပညာရေးကို အားပေးရင်း စာသင်ကျောင်း ၂၇ ကျောင်း ထူထောင်ပေးခဲ့ပါတယ်။ ကလေးတွေဟာ နိုင်ငံတိုင်းအတွက် အနာဂတ် ဖြစ်ပါတယ်။ ဒီကိုလာရတဲ့ ရည်ရွယ်ချက်ထဲမှာ ပညာရေးအတွက် အားပေးဖို့လည်း ပါ ပါတယ်။”

ကလေးတွေ ပညာသင်တဲ့အရွယ်မှာ ကျောင်းမတက်ကြရဘဲ ရောင်းစားခံနေကြရတဲ့ အဖြစ်ဟာ မြန်မာ တနိုင်ငံတည်း မဟုတ်ဘူးလို့ ဂျက်ကီချန်းက ထောက်ပြပါတယ်။ လူကုန်ကူးမှုနဲ့ ပတ်သက်ပြီး သူ ဆက်လက်ပြီး လေ့လာနေတယ်။ ကလေးတွေကို ဘယ်လို ခိုင်းစေနေကြသလဲ ဆိုတာကိုလည်း သူ သိရှိလိုတဲ့အကြောင်း ပြောပါတယ်။ လူကုန်ကူးမှု ပြဿနာဟာ ကမ္ဘာတဝှမ်းမှာ ရှိနေဆဲဖြစ်ပြီး အမေရိကန် ပြည်ထောင်စုမှာတောင် ရင်ဆိုင် ဖြေရှင်းနေရဆဲ ဖြစ်တယ်လို့ ဂျက်ကီချန်းက ပြောပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ သူ အရင်က သိပ်မသိတဲ့အကြောင်းကို ရိုးသား ပွင့်လင်းစွာ အခုလို ပြောပါတယ်။

“မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အရင်က သတင်းတွေထဲမှာ သိပ်မကြားမိပါဘူး။ မြန်မာဆိုတဲ့ နိုင်ငံနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုပဲ ကျနော် သိပါတယ်။ သတင်းတွေကလည်း စက္ကန့် ၃၀၊ တမိနစ်လောက်သာ မြန်မာအကြောင်း ပါတတ်တာ ဆိုတော့ ကျနော့်အတွက်တော့ မြန်မာဆိုတာ အသစ်အဆန်းတခုပါပဲ။ ဒါ့ကြောင့်လဲ သိချင်တာနဲ့ မြန်မာကိုရွေးပြီး လာခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံအကြောင်းလည်း ပိုပြီး သိချင်လာပါတယ်။ ဒီကိုရောက်တော့ သိပ်ကို အံ့သြမိပါတယ်။ ကြည့်ပါအုံးဗျာ။ သာယာလှပတဲ့ ရေမြေအနေအထား၊ သိပ်ကို ဖော်ရွေကြတဲ့ ဧည့်ဝတ်ကျေပွန်ကြတဲ့ မြန်မာလူမျိုးတွေပါပဲ။ တဘက်နဲ့တဘက် မတိုက်ခိုက်ကြဘဲ အစိုးရကလည်း အားလုံနဲ့အတူတူ လက်တွဲ ဆောင်ရွက်သွားမယ် ဆိုရင်တော့ သိပ်ပြီး သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ နိုင်ငံရဲ့ အနာဂတ်ကို ကျနော်တို့ တွေ့နိုင်ကြမှာ ဖြစ်ပါတယ်။”

၁၉၈၈ ခုနှစ်တုန်းက ဂျက်ကီချန်းဟာ အလှူဒါန ရန်ပုံငွေ အဖွဲ့ကြီး တခုကို ဖွဲ့စည်းခဲ့ပြီးတော့ လူငယ်တွေအတွက် ပညာသင်ဆုတွေကို ချီးမြှင့်နေပါတယ်။

မြန်မာနိုင်ငံမှာ ထောင်နဲ့ချီတဲ့ အရွယ်မရောက်သေးတဲ့ ကလေးတွေ လူကုန်ကူး ရောင်းစားခံရပြီး မြန်မာစစ်တပ်ကရော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကပါ အဓမ္မကလေးစစ်သားတွေ စုဆောင်းနေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ရဲ့ နှစ်စဉ်လူကုန်ကူးမှု အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ မြန်မာအစိုးရဟာ ကလေးစစ်သား စုဆောင်းတာကို တားမြစ်ပိတ်ပင်လိုက်ပြီး စုဆောင်းထားတဲ့ ကလေးစစ်သားတွေကိုလည်း ပြန်လည် လွှတ်ပေးဖို့အတွက် ကုလသမဂ္ဂနဲ့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက သဘောတူ လက်မှတ် ရေးထိုးခဲ့ပြီးဖြစ်ပါတယ်။

XS
SM
MD
LG