သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန် မိဘမဲ့ကလေးများနဲ့ Jackie Chan တွေ့ဆုံ


ကလေးငယ်များ ရောင်းစားခံရမှု တိုက်ဖျက်ရေးအတွက် ကုလသမဂ္ဂရဲ့ ကလေးများအရေးအပေါ် ရန်ပုံငွေအဖွဲ့ UNICEF ရဲ့ အကျိုးဆောင် သံအမတ်ကြီးအဖြစ် ရောက်နေတဲ့ မင်းသား Jackie Chan ဟာ ဒီကနေ့ ရန်ကုန်မြို့က မိဘမဲ့ ကလေးငယ်တွေကို တေ့ွဆုံ အားပေးခဲ့ပါတယ်။ ဒါ့အပြင် သူ မြန်မာနိုင်ငံမှာ လေ့လာခဲ့ရတဲ့ ကလေးငယ်တွေရဲ့ အခြေအနေနဲ့ လိုအပ်ချက်တွေကို သတင်းစာရှင်းလင်းပွဲ လုပ်ပြီးလည်း ရှင်းပြခဲ့ပါတယ်။ အကြောင်းစုံကို မစုမွန်က ဆက်ပြီး ပြောပြပါမယ်။

ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ရဲ့ အထူးသံတမန် ကမ္ဘာကျော် ရုပ်ရှင်မင်းသား ဂျက်ကီချန်းဟာ မြန်မာနိုင်ငံထဲက ကလေးသူငယ်အရေး ကူညီဆောင်ရွက်နိုင်ဖို့အတွက် မြန်မာနိုင်ငံကို ရောက်ရှိနေပါတယ်။ အခုဆိုရင် မန္တလေးမြို့ကနေ ရန်ကုန်မြို့ကို ခရီးဆက်ခဲ့ပါတယ်။ ဂျက်ကီချန်းဟာ စနေနေ့မှာ ရန်ကုန်ကို ရောက်ရှိခဲ့ပြီးနောက် ကုလသမဂ္ဂ ကလေးများ အရေးပေါ်ရန်ပုံငွေအဖွဲ့ ယူနီဆက်ဖ်က တာဝန်ရှိသူတွေနဲ့အတူ လိုက်ပါပြီးတော့ ရန်ကုန်မြို့ ရွှေတိဂုံဘုရား တောင်ဘက်မုခ်မှာရှိတဲ့ ရွှေကျင်မြို့နယ်အသင်း ဓမ္မာရုံမှာ ရတနာ့မေတ္တာအဖွဲ့က စောင့်ရှောက်ထားတဲ့ မိဘမဲ့ကလေးငယ်တွေနဲ့ ဇူလိုင်လ ၇ ရက်နေ့ မနက်ပိုင်းမှာ တွေ့ဆုံ အားပေးခဲ့ပါတယ်။

အခုလိုမျိုး ကမ္ဘာကျော်ပုဂ္ဂိုလ်ဖြစ်တဲ့ ဟောင်ကောင် အက်ရှင်မင်းသား ဂျက်ကီချန်း ကိုယ်တိုင် မြန်မာပြည် လမ်းတွေပေါ်က လေလွင့်ကလေးငယ်တွေ၊ မိဘမဲ့ကလေးတွေနဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးခဲ့တာဟာ မိဘမဲ့ကလေးတွေရဲ့ စိတ်ခွန်အားကို တကယ်ကို မြှင့်တင်ပေးရာ ရောက်တဲ့အကြောင်း ရတနာ့မေတ္တာအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဆွေက ဗွီအိုအေကို ပြောပါတယ်။

“အန်ကယ်လ်တို့ ဝမ်းသာတယ်။ ဒီလို ကမ္ဘာသိ အနုပညာရှင် တစ်ယောက်က ဒီကလေးတွေကို စိတ်ဝင်စားတယ်။ ဒီကလေးတွေနဲ့လည်း သူ အတော်ကြာကြာ နေသွားတယ်။ နောက်ပြီးတော့ ဒီကလေးတွေရဲ့ ဘဝကိုလည်း သူစာနာတယ်။ နောက်တခေါက် သူ အေးအေးဆေးဆေး သူ လာဦးမယ်ပြောတယ်။ ဒီတခေါက် မြန်မာပြည်မှာ သုံးရက် မနက်ဖြန် ပြန်မယ်ပြောတယ်။ အဲ့ဒီတော့ သူလာတာ အန်ကယ်လ်တို့ မြန်မာပြည်က ကလေးတွေအတွက် အများကြီး အကျိုးရှိပါတယ်။ အန်ကယ်လ်တို့ community မိဘတွေ လူထုအတွင်းမှာ တာဝန်ရှိတဲ့သူတွေ အတွင်းမှာ ဒီကလေးတွေရဲ့ ပြဿနာတွေကို တော်တော်များများ မသိတာတွေ ရှိနေသေးတယ်။ အဲ့လိုဟာကို သူရောက်လာပြီးတော့ တွေ့တယ်ဆုံတယ် ဆိုတဲ့အခါကျတော့ အားလုံးအမြင် ပွင့်လာတာပေါ့။ စိတ်ဝင်စားလာတာပေါ့၊ အထူးသဖြင့် မြန်မာနိုင်ငံကို စိတ်ဝင်စားတဲ့အချိန်မှာ ဒီကလေးသူငယ်တွေ မြန်မာနိုင်ငံမှာ ဒီပြဿနာတွေ ရှိတယ်ဆိုတာ ကျနော်တို့ ပြောလိုက်နိုင်တယ်။”

ဂျက်ကီချန်းဟာ မြန်မာပြည်နေရာအနှံ့အပြားက ကလေးငယ်တွေကို နောက်တကြိမ် လာရောက် တွေ့ဆုံဖို့ ကြိုးစားမယ့်အကြောင်းနဲ့ မြန်မာပြည်က ပရဟိတ မိဘမဲ့ ကလေးသူငယ် စောင့်ရှောက်ရေး လုပ်ငန်းတွေအတွက်လည်း တတ်နိုင်သလောက် ကူညီပံ့ပိုးသွားမယ်လို့ ကတိပေးသွားတဲ့အကြောင်းလည်း ဦးမြင့်ဆွေက ပြောပါတယ်။

“အန်ကယ်လ်တို့လုပ်နေတဲ့ လုပ်ငန်းတွေက အင်မတန် မွန်မြတ်တယ်၊ ကောင်းတယ်။ ပိုပြီးတော့ လုပ်နိုင်ဖို့အတွက်လည်း သူတတ်နိုင်တဲ့ဘက်က အားပေးမယ်။ ဆက်လက်ပြီးတော့ လုပ်ဆောင်မယ်လို့ သူပြောပါတယ်။”

မင်းသားဂျက်ကီချန်းဟာ ရတနာ့မေတ္တာ အဖွဲ့က စောင့်ရှောက်ထားတဲ့ မိဘမဲ့ကလေးအယောက် ၅၀ နဲ့ တွေ့ဆုံပြီး အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးခဲ့ပြီး ကလေးငယ်တွေရဲ့ ဖျော်ဖြေရေးအစီအစဉ်တွေကို ကြည့်ရှု အားပေးပြီးတဲ့နောက်မှာ ရွှေကျင်မြို့နယ်အသင်း ဓမ္မာရုံကနေ ဂျက်ကီချန်းဟာ နေ့လည် ၁ နာရီမှာ ပြန်လည် ထွက်ခွာသွားခဲ့ပါတယ်။

ဇူလိုင်လ ၇ ရက်နေ့ နေ့လည် ၂ နာရီခွဲမှာတော့ ကုလသမဂ္ဂ ကလေးများ အရေးပေါ် ရန်ပုံငွေအဖွဲ့ ယူနီဆက်ဖ်ရဲ့ အထူးသံတမန် ဂျက်ကီချန်းဟာ မြန်မာပြည် ခရီးစဉ်နဲ့ ပတ်သတ်ပြီး ရန်ကုန်မြို့ဆီဒိုးနားဟိုတယ်မှာ ပြည်တွင်းပြည်ပ သတင်းစာဆရာများနဲ့ တွေ့ဆုံပြီး စာနယ်ဇင်း ရှင်းလင်းပွဲ တရပ် ပြုလုပ်ခဲ့ပါတယ်။ စနေနေ့ ညပိုင်းမှာတော့ မင်းသားဂျက်ကီချန်းကို ရန်ကုန် ကုလသမဂ္ဂ ကလေးများ အရေးပေါ်ရန်ပုံငွေအဖွဲ့ ယူနီဆက်ဖ်က ဆီဒိုနားဟိုတယ်မှာ ဂုဏ်ပြုညစာ စားပွဲနဲ့ တည်ခင်း ဧည့်ခံမှာ ဖြစ်ပါတယ်။

ဂျက်ကီချန်းဟာ မြန်မာပြည်ခရီးစဉ်အတွင်း ရန်ကုန်နဲ့ မန္တလေးမြို့က မိဘမဲ့ ကလေးဂေဟာတွေ၊ အသက်မွေးပညာ လူငယ်အတတ်သင်ကျောင်းတွေ၊ လူမှုဝန်ထမ်း ဦးစီးဌာနရဲ့ လူငယ်သင်တန်းကျောင်းတွေ၊ အမျိုးသမီးစောင့်ရှောက်ရေး ဂေဟာတွေ နဲ့ ဘုန်းတော်ကြီးကျောင်း ပညာသင်ကျောင်းတွေကို သွားရောက်လေ့လာခဲ့ပြီး မိဘမဲ့ကလေးတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေး တာဝန်ရှိသူတွေကိုလည်း တွေ့ဆုံပြီး ကလေးသူငယ် လူကုန်ကူးမူတွေနဲ့ ပတ်သတ်ပြီးတော့လည်း ဆွေးနွေးခဲ့ပါတယ်။

XS
SM
MD
LG