သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ဘဏ္ဍာရေးဝန်ကြီး တရုတ်နိုင်ငံ သွားမည်


အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Janet Yellen၊ မေ ၁၁၊ ၂၀၂၃
အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Janet Yellen၊ မေ ၁၁၊ ၂၀၂၃

အမေရိကန်နဲ့ တရုတ်ကြား ဆက်ဆံရေး တင်းမာနေတာတွေကို ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းမှုအဖြစ် အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Janet Yellen ကြာသပတေးနေ့မှာ တရုတ်နိုင်ငံခရီး စတင်ပါမယ်။ တနင်္ဂနွေနေ့အထိ ကြာမြင့်မယ့် ခရီးစဥ် အတွင်းမှာ မစ္စ Yellen ဟာ တရုတ် အကြီးတန်းအရာရှိတွေနဲ့ တွေ့ဆုံမှာ ဖြစ်ပြီးဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ ကမ္ဘာလုံးဆိုင်ရာ မက်ခရိုစီးပွားရေးအပါအဝင် နှစ်နိုင်ငံ ဆက်သွယ်ရေး ပိုမို ခိုင်မာ နက်ရှိုင်းလာစေဖို့ သမ္မတဂျိုးဘိုင်ဒင်ရဲ့ ညွှန်ကြားချက်နဲ့အညီ ဆွေးနွေးသွားဖို့ ရှိတယ်လို့ ဘဏ္ဍာရေးဌာနက ဒီသီတင်းပတ် အစောပိုင်းမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

"ဘေဂျင်းမှာ ရှိနေစဉ်အတွင်း ဝန်ကြီး Yellen ဟာ ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံးနှစ်နိုင်ငံကြား ဆက်ဆံရေးကို တာဝန်သိစွာ စီမံခန့်ခွဲဖို့၊ နှစ်နိုင်ငံလုံးနဲ့ သက်ဆိုင်နေတဲ့ ကဏ္ဍတွေမှာ တိုက်ရိုက် ဆက်သွယ်ပြောဆိုပြီး ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ အတူတကွ လုပ်ဆောင်သွားနိုင်ရေး အရေးပါမှုကို တရုတ်အရာရှိတွေနဲ့ ဆွေးနွေးမှာဖြစ်ကြောင်း" ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“အမေရိကန်အနေနဲ့ တရုတ်နိုင်ငံနဲ့ ကောင်းမွန်တဲ့ စီးပွားဆက်ဆံရေးကိုလိုလားပြီး ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို လုံးဝရပ်ဆိုင်းလိုက်တာမျိုးက နှစ်နိုင်ငံလုံးမှာရော၊ ကမ္ဘာ့စီးပွားရေးအတွက်ပါ မတည်မငြိမ်ဖြစ်စေမယ်” လို့ ဘဏ္ဍာရေးဌာနက အကြီးတန်းအရာရှိ တဦးကလည်း သတင်းထောက်တွေ ကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပြောထားပါတယ်။

အရင်လက နိုင်ငံခြားရေးဝန်ကြီး အန်ထိုနီဘလန်ကန်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင့် တို့ ဘေဂျင်းမှာ တွေ့ဆုံခဲ့ကြပြီး အမေရိကန်-တရုတ် ဆက်ဆံရေးကို တည်ငြိမ်စေဖို့နဲ့ သဘောထားကွဲလွဲနေတဲ့ နယ်ပယ်တွေက တဆင့် ပဋိပက္ခတွေ မဖြစ်ရေး နှစ်နိုင်ငံလုံးက အာမခံချက်ပေးဖို့ သဘောတူခဲ့ အပြီးမှာ ဝန်ကြီး Yellen ရဲ့ ခရီးစဉ် ဖြစ်လာတာပါ။

ဒါပေမယ့် အခုရက်ပိုင်းတွေထဲ တရုတ်နိုင်ငံက semiconductor တပိုင်းလျှပ်ကူး ပစ္စည်းနဲ့ ဆိုလာပြား ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ သတ္တုနှစ်မျိုးတင်ပို့မှုကို ကန့်သတ်ခဲ့တာကြောင့် ဝန်ကြီးYellen ရဲ့ ဘေဂျင်း ခရီးစဥ် ကတဆင့် အမေရိကန်-တရုတ် ဆက်ဆံရေး ပို ကောင်းလာမလား ဆိုတာကိုတော့ လေ့လာသူတွေ ကြားသံသယအဖြစ် ရှုမြင်ကြပါတယ်။

အမေရိကန်နဲ့ တရုတ်ဟာ ၂၀၂၂ ခုနှစ်မှာ နှစ်နိုင်ငံကုန်သွယ်မှု စံချိန်တင် အမြင့်ဆုံး ဖြစ်ခဲ့တာပါ။ ဒါပေမယ့် ကုန်သွယ်မှုနဲ့ လုံခြုံရေးဆိုင်ရာ နှစ်ဖက်တင်းမာမှုတွေကတော့ ထင်ထင်ရှားရှား ဖြစ်နေပါတယ်။ အမေရိကန်က နည်းပညာမြင့်ထုတ်ကုန်တွေ အပေါ် ပို့ကုန်ထိန်းချုပ်မှုတွေ ချမှတ်ထားသလို လူ့အခွင့် အရေးချိုးဖောက်မှု ရှိတယ်လို့ စွပ်စွဲခံထားရတဲ့ တရုတ်အကြီးတန်းအရာရှိတွေ အပေါ် မှာလည်း စီးပွားရေးပိတ်ဆို့ အရေးယူမှုတွေ ချမှတ်ထားတာပါ။ တခါ တရုတ် နိုင်ငံဘက်ကလည်း ပို့ကုန် တချို့ ကန့်သတ်တာ လုပ်ခဲ့သလို နိုင်ငံခြားစီးပွားရေးလုပ်ငန်းတွေကို ခြိမ်းခြောက်နိုင်တဲ့ တန်ပြန်ထောက်လှမ်း ရေး ဆိုင်ရာ ဥပဒေသစ် တရပ်ကိုအရင်အပတ်က ထုတ်ပြန်ခဲ့ပါတယ်။

တရုတ် အနေနဲ့ လက်ရှိ စီးပွားရေး မှာ စိန်ခေါ်မှုတွေ ကြုံတွေ့ နေရပြီး အမေရိကန်ရဲ့ ရင်းနှီးမြှုပ်နှံမှု တွေကို အလိုရှိနေတာဖြစ်ပါတယ်။ တဖက်မှာလည်း အမေရိကန်ဘက်က ကျင့်သုံးနေတဲ့ မူဝါဒတွေကို ရပ်တန့်ဖို့ တောင်းဆိုမှာ ဖြစ်ပြီး အမေရိကန် ဖက်ကလည်း လိုက်လျောမှာ မဟုတ်တဲ့အတွက် ဘဏ္ဍာရေးဝန်ကြီး Yellen ရဲ့ ခရီးစဥ်အတွင်း နှစ်နိုင်ငံကြား သဘောတူနိုင်မယ့် အချက်တွေက အများကြီး ဖြစ်လာနိုင်ဖွယ် မရှိဘူးလို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG