သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်မှုတိုက်ဖျက်ရေး ရန်ပုံငွေ ဒေါ်လာ ၁၅ သန်းခွဲ ဂျပန်ထည့်ဝင်မည်


ဂျပန်နိုင်ငံခြားရေးဝန်ကြီး Fumio Kishida

IS စစ်သွေးကြွှအဖွဲ့ကို တိုက်ခိုက်နေတဲ့ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကဒေသနိုင်ငံတွေကို အကူအညီငွေ အမေရိကန်ဒေါ်လာ ၁၅.၅ သန်းပေးမယ်လို့ ဂျပန်က ပြောလိုက်ပါတယ်။

ဒီအကူအညီဟာ နယ်စပ်ဒေသ ထိန်းချုပ်ရေးနဲ့ စုံစမ်းစစ်ဆေးရေး စွမ်းဆောင်ရည်တွေ တိုးတက်စေဖို့ အပါအ၀င် အကြမ်းဖက်မှု တန်ပြန် တိုက်ဖျက်ရေး လုပ်ငန်းတွေအတွက်ဖြစ်တယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Fumio Kishida က ဒီကနေ့ပြောပါတယ်။

အကူအညီနဲ့ပတ်သက်တဲ့ နောက်ထပ် အသေးစိတ်တွေကို ကြာသပတေးနေ့ကျရင် ၀ါရှင်တန်ဒီစီမြို့တော်မှာ ကျင်းပမယ့် နိုင်ငံတကာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ညီလာခံမှာ ဂျပန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Yasuhide က ချပြမယ်လို့ ဂျပန်နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်တခုမှာ ပြောထားပါတယ်။

အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ ဂျပန်နိုင်ငံရဲ့ အခုအကူအညီဟာ အရင်တုန်းက ၀န်ကြီး Kishida ပြောထားတာနဲ့ နှစ်ဆ ပိုများပါတယ်။ ဒါ့အပြင် IS အဖွဲ့ ထိန်းချုပ်ထားတဲ့ ဒေသတွေကနေ ထွက်ပြေးသွားကြတဲ့ ဒုက္ခသည်တွေကို အကူအညီပေးဖို့ ဒေါ်လာသန်း ၂၀၀ ထောက်ပံ့မယ်လို့လည်း ဂျပန်နိုင်ငံက ပြောထားပါတယ်။

ဂျပန်နိုင်ငံသားတွေဖြစ်ကြတဲ့ သတင်းထောက်တဦးနဲ့ သူနဲ့အတူ လိုက်ပါသွားသူတို့ကို IS အဖွဲ့က ဇန်န၀ါရီလမှာ ခေါင်းဖြတ် သတ်လိုက်ပြီးတဲ့နောက် IS စစ်သွေးကြွအဖွဲ့ကို ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမယ်လို့ ဂျပန်ဝန်ကြီးချုပ် Shinzo Abe က အခိုင်အမာ ပြောထားပါတယ်။

XS
SM
MD
LG