သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေကြောင်းလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ဖို့ ဂျပန်နဲ့ အာဆီယံ သဘောတူ


Japan ASEAN
Japan ASEAN

ပင်လယ်ရေကြောင်းဆိုင်ရာ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်လုပ်ဆောင်သွားဖို့ ဂျပန်နဲ့ အာဆီယံနိုင်ငံခေါင်းဆောင်တွေ ဒီနေ့မှာ သဘောတူလိုက်ကြပါတယ်။ တောင်တရုတ်ပင်လယ်အတွင်း နယ်မြေပိုင်ဆိုင်မှုတွေနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံဘက်အခိုင်အမာ တိုးချဲ့လုပ်ဆောင်လာနေချိန်မှာပဲ ဂျပန်နဲ့ အာဆီယံနိုင်ငံတွေကြား အခုသဘောတူခဲ့ကြတာ ဖြစ်ပါတယ်။

အာဆီယံနဲ့ ဂျပန် ဆက်ဆံရေးအနှစ် ၅၀ ပြည့်အထိမ်းအမှတ် ထိပ်သီးစည်းဝေးပွဲကို ဂျပန်နိုင်ငံ Tokyo မြို့တော်မှာ ဒီဇင်ဘာ ၁၆ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ ကျင်းပနေတာပါ။ ဒီထိပ်သီးစည်းဝေးပွဲမှာ မြန်မာကိုဖိတ်ကြားခြင်း မရှိပါဘူး။ တီမောလတ်စတေးနိုင်ငံကတော့ ဧည်သည့်တော်နိုင်ငံအဖြစ် တက်ရောက်ခဲ့ပါတယ်။

ဒီထိပ်သီးဆွေးနွေးပွဲက ထုတ်ပြန်လိုက်တဲ့ ကြေညာချက်မှာတော့၊ တရုတ်နိုင်ငံဆိုတာကို ထည့်သွင်းပြောဆိုခြင်း မပြုဘဲ၊ ပင်လယ်ရေကြောင်းဆိုင်ရာလုံခြုံရေး နဲ့ တရားဥပဒေစိုးမိုးမှုအပေါ် အခြေခံတဲ့ ပင်လယ်ရေကြောင်းဆိုင်ရာ ကူးသန်းရောင်းဝယ်ရေး ကိစ္စရပ်တွေကို ထိန်းသိမ်းဖို့အတွက် ဆွေးနွေးမှုတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့်သွားဖို့ ဂျပန် နဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ သဘောတူခဲ့ကြတယ်လို့ ပြောပါတယ်။

တရုတ်နိုင်ငံနဲ့ တောင်တရုတ်ပင်လယ်အတွင်းမှာ နယ်မြေပိုင်ဆိုင်မှုတွေ အငြင်းပွားနေတဲ့ ဂျပန်နိုင်ငံဟာ အခုနှစ်မှာ ကာကွယ်ရေး အသုံးစရိတ်တွေ တိုးမြှင့်ပြီးတော့ အာရှပစိဖိတ်ဒေသတွင်း နိုင်ငံတွေနဲ့ လုံခြုံရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးချဲ့လာနေတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ်ပြင်တခုလုံးနီးပါးကို သူတို့ပိုင်ဆိုင်တယ်လို့ ပြောနေပြီး၊ ဒေသတွင်းနိုင်ငံတွေနဲ့ နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ နေရာတွေမှာ သူတို့ရဲ့ ရေယာဉ်တွေကို တိုးမြှင့်နေရာချတာအပါအဝင် တခြားနည်းလမ်းတွေကိုအသုံးပြုပြီး လုပ်လာနေပါတယ်။ မကြာသေးခင်ကလည်း တရုတ်သင်္ဘောတွေနဲ့ ဖိလစ်ပိုင်ဘက်က သင်္ဘောတွေ တောင်တရုတ်ပင်လယ်အတွင်း ထိပ်တိုက်တွေ့တာတွေ ရှိခဲ့ပါတယ်။

XS
SM
MD
LG