သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်ဝန်ကြီးချုပ် မြန်မာပြည်လာမည်


ဂျပန်ဝန်ကြီးချုပ် Shinzo Abe။ (ဧပြီလ ၂၉ ရက်၊ ၂၀၁၃)။
ဂျပန်ဝန်ကြီးချုပ် Shinzo Abe။ (ဧပြီလ ၂၉ ရက်၊ ၂၀၁၃)။
နှစ်ပေါင်း ၄၀ လောက်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဂျပန်နိုင်ငံက ဝန်ကြီးချုပ်တဦး မြန်မာနိုင်ငံကို တရားဝင် ခရီးစဉ်အဖြစ် လာရောက်ဖို့ ရှိပါတယ်။ မနက်ဖြန် ရောက်လာမယ့် ဂျပန်ဝန်ကြီးချုပ် Shinzo Abe ရဲ့ခရီးစဉ် အတွင်းမှာတော့ မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအတွက် ဒေါ်လာသန်းထောင်ချီ အကူအညီပေးရေး ကမ်းလှမ်းချက်တွေနဲ့ စီးပွားရေးအရ ပူးပေါင်း လုပ်ဆောင်ဖို့ အစီအစဉ်တွေကိုလည်း ဆွေးနွေးလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဂျပန်ဝန်ကြီးချုပ်ရဲ့ ၃ ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်နဲ့ ပတ်သက်လို့တော့ ကိုအောင်လွင်ဦးက အပြည့်အစုံ တင်ပြထားပါတယ်။

ဂျပန်ဝန်ကြီးချုပ်ရဲ့ ခရီးစဉ်အတွင်း မြန်မာအစိုးရရဲ့ အကြီးအကဲ သမ္မတ ဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး၊ စီးပွားရေး အသိုင်းအဝိုင်းက လူပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံ မှာဖြစ်ပါတယ်။ ဂျပန်နိုင်ငံ အနေနဲ့ မကြာသေးခင်နှစ်တွေအတွင်း မြန်မာနိုင်ငံက အပြောင်းအလဲတွေကို အသိအမှတ်ပြုပြီး အားပေးဖို့ ရည်ရွယ်ချက်နဲ့ သွားရောက်မှာ ဖြစ်တယ်လို့လည်း ဂျပန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Massaru Sato ကပြောပါတယ်။

“ဒီခရီးစဉ်ဟာ နှစ်ပေါင်း ၃၆ နှစ်အတွင်း ဂျပန်ဝန်ကြီးချုပ်တဦးရဲ့ ပထမဆုံးခရီးစဉ် ဖြစ်ပါလိမ့်မယ်။ မြန်မာနိုင်ငံက အခြေအနေနဲ့ ပတ်သက်လို့ ကျနော်တို့ နားလည်ထားတာကတော့ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ ဒီမိုကရေစီရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲ မှုတွေမှာ တိုးတက်မှုတွေ ရှိပါတယ်။ ဒါပေမဲ့လည်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေက ခရီးလမ်း တဝက်တပျက်မှာပဲ ရှိနေသေးတယ်လို့လည်း ယုံကြည်ထားပါတယ်။ ဒါကြောင့်လည်း ဝန်ကြီးချုပ် Abe ရဲ့ ခရီးစဉ် ရည်ရွယ်ချက်ဟာ အခြေခံအားဖြင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေအတွက် ကျနော်တို့ဘက်က ဆက်လက် ပံ့ပိုးသွားမယ် ဆိုတာကို ပြသဖို့ပဲ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးရေး အကူအညီတွေ အဓိကပေးအပ်နေတဲ့ ပြည်ပနိုင်ငံ တခုဖြစ်တဲ့ ဂျပန်နိုင်ငံက အခုခရီးစဉ်အတွင်း နောက်ထပ် ထောက်ပံ့မှု အစီအစဉ်သစ်တွေ ရှိနေပေမဲ့ အသေးစိတ်ကိုတော့ မကြေညာသေးဘူးလို့လည်း သူကပြောပါတယ်။ ဂျပန်နိုင်ငံက သတင်းတွေမှာတော့ ဝန်ကြီးချုပ် Shinzo Abe ရဲ့ ခရီးစဉ်အတွင်း ဖွံ့ဖြိုးရေး အကူအညီအဖြစ်နဲ့ ဒေါ်လာဘီလီယံ တထောင်လောက်အထိ ပေးအပ်ဖို့ ရည်ရွယ်ထားတဲ့အကြောင်း ဖော်ပြနေကြ တာပါ။ အထူးသဖြင့်ကတော့ မြန်မာနိုင်ငံ စီးပွားရေးအတွက် အခြေခံ လိုအပ်ချက်တခု ဖြစ်နေတဲ့ လျှပ်စစ်ဓာတ်အား ရရှိရေး လုပ်ငန်းတွေကို အာရုံစိုက်နေတာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ ကတော့ မြန်မာလူမှုအသိုင်းအဝိုင်းနဲ့ ဖွံ့ဖြိုးရေးအတွက် ဂျပန်နိုင်ငံက ရည်ရွယ်ကူညီသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

“လူနေမှုဘဝတွေ တိုးတက်ဖို့ဟာ အရေးကြီးတယ်လို့ ကျနော်တို့က ယုံကြည်ထားပါတယ်။ ဒီအတွက်လည်း တိုင်းရင်းသား လူနည်းစုတွေအတွက် အကူအညီတွေ ပေးမှာပါ။ ဆင်းရမွဲတေမှု ပပျောက်ရေးကိုလည်း ဖြေရှင်း ရမှာဖြစ်ပါတယ်။ ဒုတိယ အနေနဲ့ကတော့ ရေရှည်ခံနိုင်မယ့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် မြန်မာနိုင်ငံမှာ လူတွေရဲ့ စွမ်းဆောင်ရည် တိုးတက်လာဖို့ အဖွဲ့အစည်းတွေ ဖွံ့ဖြိုးလာဖို့ အပိုင်းတွေမှာ ကူညီသွား မှာပါ။ နောက်ဆုံး တခုကတော့ မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ အခြေခံ အဆောက်အအုံ လိုအပ်ချက်တွေ တိုးတက်လာဖို့ပဲ ဖြစ်ပါတယ်။”

၂၀၂၀ ပြည့်နှစ်မှာ နောက်ဆုံးထားပြီး ဂျပန်ယန်းငွေ ထီလီယံ ၃၀ လောက်အထိ တန်ဘိုးရှိမယ့် ဂျပန်နိုင်ငံက အခြေခံ အဆောက်အအုံ လုပ်ငန်းတွေကို ပြည်ပ တင်ပို့ ရောင်းချဖို့ ရည်မှန်းထားတဲ့အကြောင်း ပြောဆိုထားတဲ့ ဝန်ကြီးချုပ် Abe ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း စီးပွားရေး ရည်မှန်းချက်တွေလည်း ပါဝင်မယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းနေကြတာပါ။ ဂျပန်ဝန်ကြီးချုပ်ရဲ့ ခရီးစဉ် အတွင်းမှာတော့ Hitachi နဲ့ Toshiba တို့လို အီလက်ထရောနစ် ကုမ္ပဏီတွေကအစ Mitsubishi အကြီးစားစက်မှုလုပ်ငန်း တို့လို လုပ်ငန်းတွေအဆုံး ကုမ္ပဏီပေါင်းစုံက မြန်မာနိုင်ငံမှာ နည်းပညာ ဖွံ့ဖြိုးရေးနဲ့ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေး အစီအစဉ်တွေ ကို ဆွေးနွေးသွားမှာ ဖြစ်တဲ့အကြောင်းလည်း ဂျပန်နိုင်ငံက သတင်းတွေမှာ ဖော်ပြနေကြတာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Massaru Sato ကတော့ စီးပွားရေး လုပ်ငန်းရှင်တွေ အပါအဝင် ကိုယ်စားလှယ် ၄၀ လောက် လိုက်ပါလာမယ့် ဒီခရီးစဉ်ကနေ ၂ နိုင်ငံကြား စီးပွားရေး အဆက်အဆံတွေ ပိုမိုအားကောင်း လာစေဖို့လည်း ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။

“ကိုယ်စားလှယ်ပေါင်း ၃၀ ကနေ ၄၀ လောက်အထိ လိုက်ပါသွားမယ့် အထဲမှာတော့ ဆောက်လုပ်ရေး လုပ်ငန်းတွေ၊ လေ့ကျင့်ရေး လုပ်ငန်းတွေ၊ စက်ရုံတည်ဆောက်ရေး လုပ်ငန်းတွေက ထိပ်တန်း စီးပွားရေး သမားတွေ၊ အမှုဆောင် အရာရှိတွေလည်း ဝန်ကြီးချုပ်နဲ့အတူ လိုက်ပါသွားကြမှာ ဖြစ်ပါ တယ်။”

ဂျပန်နိုင်ငံဟာဆိုရင် မြန်မာနိုင်ငံ ပေးစရာ ရှိနေတဲ့ ပြည်ပကြွေးမြီ ဒေါ်လာ သန်းတစ်ထောင်လောက်ကို ပေးချေနိုင်အောင် ဒီနှစ်ဆန်းပိုင်းကပဲ ကြားဝင်ကူညီထားတာပါ။ ဒီလိုပဲ မြန်မာနိုင်ငံရဲ့ ဘဏ္ဍာရေးလောကအတွက် အထောက်အကူဖြစ်စေမယ့် အစုရှယ်ယာ ဈေးကွက်တခု ဖန်တီးနိုင်ဖို့လည်း တိုကျိုစတော့အိပ်ချိန်းနဲ့ Daiwa Securities ကုမ္ပဏီတွေက အကူအညီပေးနေတာ ဖြစ်ပါတယ်။ ၂ နိုင်ငံကြား ရင်နှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုတွေ တိုးမြှင့်ဖို့ မျှော်လင့်နေတဲ့ ဂျပန်နိုင်ငံက လတ်တလော မြန်မာနိုင်ငံတွင်း စီမံကိန်းပေါင်း ၃၅ ခုမှာလည်း ဝင်ရောက် လုပ်ကိုင်နေတာဖြစ်ပြီး ဒီအထဲမှာ ရန်ကုန် သီလဝါအထူးစီးပွားရေးဇုန် တည်ဆောက်ရေး လုပ်ငန်းကတော့ အကြီးဆုံးတခုလည်း ဖြစ်ပါတယ်။
XS
SM
MD
LG