သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန် မြန်မာ စစ်ဘက်ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဂျပန်မြေပြင် ကိုယ်ပိုင် ကာကွယ်ရေးတပ်ဖွဲ့ စစ်ဦးစီးချုပ် General Koji YAMAZAKI ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံစဉ် (ဓါတ်ပုံ- Senior General Min Aung Hlaing's Facebook)
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဂျပန်မြေပြင် ကိုယ်ပိုင် ကာကွယ်ရေးတပ်ဖွဲ့ စစ်ဦးစီးချုပ် General Koji YAMAZAKI ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံစဉ် (ဓါတ်ပုံ- Senior General Min Aung Hlaing's Facebook)

မြန်မာ့တပ်မတော်ကို ဂျပန်စစ်တပ်က အကူအညီပေးဖို့ ဆွေးနွေး ကြိုးပမ်းနေတာဟာ ဂျပန်နိုင်ငံရဲ့ ဖွဲ့စည်းပုံနဲ့ ကိုက်ညီမှုမရှိဘူးလို့ ဂျပန်မြန်မာအရေး ကျွမ်းကျင်သူတချို့က သုံးသပ်ပါတယ်။ မြန်မာနိုင်ငံဟာ တရုတ်နဲ့ ပိုနီးစပ်သွားမှာကို စိုးရိမ်တဲ့အတွက် ဒေသတွင်း သြဇာချိန်ခွင်ညှာ ညှိဖို့ ဂျပန်တပ်မတော်က မြန်မာစစ်တပ်နဲ့ နီးကပ်တဲ့ ဆက်ဆံရေး ထူထောင်လာတာ ဖြစ်တယ်လို့ စစ်ရေးနိုင်ငံရေးအကဲခတ် တချို့က သုံးသပ်ပါတယ်။ ဂျပန်စစ်တပ် ထိပ်တန်းခေါင်းဆောင်တဦးရဲ့ လတ်တလော မြန်မာပြည်ခရီးစဉ်အပေါ် ဝေဖန်ပြောဆိုကြတာပါ။

ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီးအဖြစ် အလည်ပတ်ရောက်နေတဲ့ ဂျပန်မြေပြင် ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Koji YAMAZAKI ကို မြန်မာ့တပ်မတော် ဒုကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဇန်နဝါရီလ ၁၀ ရက် ဗုဒ္ဓဟူး မနက်ပိုင်းက နေပြည်တော် ဇေယျာသီရိဗိမာန်ရှေ့မှာ ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကြိုဆိုခဲ့တာပါ။

ဗိုလ်ချုပ်ကြီး YAMAZAKI ဦးဆောင်တဲ့အဖွဲ့နဲ့ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ ဇေယျာသီရိဗိမာန်မှာ ဆွေးနွေးတဲ့အခါမှာတော့ နှစ်နိုင်ငံတပ်မတော တွေအကြား ဆက်ဆံရေး ပိုမို တိုးတက်ကောင်းလာစေရေး (Army to Army Staff Talks) ကိစ္စနဲ့ နှစ်နိုင်ငံတပ်မတော်ကြား အပြန်အလှန် ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စတွေ၊ နှစ်ဘက် စစ်ခေါင်းဆောင်တွေ အပြန်လှန် ချစ်ကြည်ရေး ခရီးစဉ်ကိစ္စ၊ မြန်မာတပ်မတော် အရာရှိတွေ ဂျပန်နိုင်ငံကို သင်တန်းသားအဖြစ် စေလွှတ်ရေး၊ သဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ ကူညီကယ်ဆယ်ရေးကိစ္စရပ် နဲ့ ဆေးဘက် သုတေသန လုပ်ငန်း နည်းပညာ ဖလှယ်ရေးဆိုင်ရာကိစ္စတွေ ဆွေးနွေးကြသလို၊ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးရေး (Humanitarian Assistance and Disaster Relief- HADR) ကိစ္စရပ်တွေနဲ့အာရှ-ပစိဖိတ်ဒေသ တည်ငြိမ် အေးချမ်းရေး ဆိုင်ရာကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြတယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

ဂျပန်စစ်တပ်က မြန်မာ့တပ်မတော်ကို အခုလို အကူအညီပေးဖို့ ဆွေးနွေး ကြိုးပမ်းနေတာဟာ ဂျပန်နိုင်ငံရဲ့ ဖွဲ့စည်းပုံနဲ့ ကိုက်ညီမှု မရှိဘူးလို့ ဂျပန်မြန်မာအရေး ကျွမ်းကျင်သူ သတင်းစာဆရာ ဦးရွှေဘ (Hisao Tanabe)က သုံးသပ်ပါတယ်။

“ကျနော်သိသလောက်ဆိုရင် ဂျပန်က စစ်တိုက်ခိုက်နိုင်စွမ်းရှိတဲ့ စစ်တပ်ကို မပိုင်ဆိုင်ရဘူးလို့ မထားရဘူးလို့ ပါတော့ ကျနော်တို့ အမြင်ပြောရရင် အခြေခံဥပဒေကို ချိုးဖောက်တယ်လို့ ကျနော်ထင်တယ်။”

မြန်မာ့တပ်မတော်က ရခိုင်ပြည်နယ်မြောက်ပိုင်း ရိုဟင်ဂျာအရေး ကိုင်တွယ်ဆောင်ရွက်ခဲ့တာနဲ့ ပတ်သက်လို့ နိုင်ငံတကာက ပြစ်တင်ဝေဖန်ပြီး ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်ထားချိန်မှာ မြန်မာ့တပ်မတော်ဟာ တရုတ်နိုင်ငံနဲ့ ပိုမိုနီးစပ်တဲ့ ဆက်ဆံရေးတွေ ရှိလာပါတယ်။ ဒီအပေါ်မှာ စိုးရိမ်တဲ့အတွက် ဒေသတွင်း သြဇာချိန်ခွင်ညှာ ညှိဖို့ ဂျပန်တပ်မတော်က မြန်မာစစ်တပ်နဲ့ နီးကပ်တဲ့ ဆက်ဆံရေးတွေ ထူထောင်လာတာ ဖြစ်တယ်လို့ စစ်ရေးနိုင်ငံရေး အကဲခတ် ဦးမောင်မောင်စိုးက သုံးသပ်ပါတယ်။

“ရခိုင်ကိစ္စပေါ်ပြီးနောက်ပိုင်းမှာ အမေရိကန်၊ ဥရောပသမဂ္ဂ တို့က စစ်ရေးဆက်ဆံမှုနဲ့ပတ်သက်လို့ ပြင်းပြင်းထန်ထန် ဖိအားပေးလာတဲ့အပေါ်မှာ မြန်မာအစိုးရပဲဖြစ်ဖြစ်၊ တပ်မတော်ဘက်ဖြစ်ဖြစ် တရုတ်ဘက်ကို ထိုးသွင်းသလိုဖြစ်တယ်ဆိုတာ သူတို့လည်း သဘောပေါက်တယ်။ ဒါပေမယ့် ဂျပန်အနေနဲ့ ပြောမယ်ဆိုရင်တော့ ဒေသတွင်းမှာ ရင်ဆိုင်နေတာက တရုတ်နဲ့ဖြစ်တယ်။ လက်ရှိအခင်းအကျင်းမှာ မြန်မာစစ်တပ်ဟာ တရုတ်ဘက်ကို အတင်းထိုးကပ်သွားရင်တော့ ဂျပန်အတွက် အခက်အခဲရှိတယ်။ အဲတော့ ဂျပန်အနေနဲ့တော့ နိုင်ငံတကာပါဝါဂိမ်းနဲ့ ချိန်ခွင်လျှာညှိတယ်လိုပဲ ထင်ပါတယ်။”

မြန်မာနိုင်ငံက တိုင်းရင်းသားဒေသတွေမှာ လူ့အခွင့်အရေး ချိုးဖေါက်မှု လုပ်နေတဲ့ မြန်မာ့တပ်မတော်ကို ဂျပန်စစ်တပ်က အကူအညီပေးမယ့် ကိစ္စအတွက် ကန့်ကွက်ကြောင်း ဂျပန်သတင်းစာဆရာ ဦးရွှေဘက ပြောပါတယ်။

“တိုင်းရင်းသားလက်နက်ကိုင် အင်အားစုနဲ့ တိုက်ပွဲဖြစ်နေတဲ့ မြန်မာအစိုးရ တပ်မတော်ကို အကူအညီပေးဖို့ဆိုတာ ကျနော်တို့ အနေနဲ့ ထောက်ခံလို့ မရပါဘူး။ တကယ်လို့ ခေါင်းဆောင်ပိုင်းမှာ ရှိနေမယ်ဆိုရင် ကျနော်တို့က ပြင်းပြင်းထန်ထန် ဒါကို ဆန့်ကျင်ရမယ်လို့ ထင်ပါတယ်။”

တကယ်တော့ ဂျပန့်တပ်မတော်ရဲ့ အကူအညီတွေဟာ မြန်မာနိုင်ငံသားတွေ အကျိုးခံစားရဖို့ထက် သူတို့တိုင်းပြည်ရဲ့ အကျိုးစီးပွားကို အခြေခံ စဉ်စားခြင်းသာ ဖြစ်တယ်လို့ ဦးမောင်မောင်စိုးက မြင်ပါတယ်။

“တခါတလေမှာ အစိုးရချင်းဆက်ဆံရေးက Power Balance ပေါ်မှာ မူတည်တယ်။ တိုင်းသူပြည်သားအပေါ်မှာ မကြည့်ကြပါဘူး။ ပြည်သူတွေကို ကူညီမယ်ဆိုတာက ဒုတိယပါ။ ပထမက သူတို့နိုင်ငံရဲ့ အကျိုးစီးပွားဖြစ်ပါတယ်။”

ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် မေလတုန်းကလည်း ဂျပန်ကာကွယ်ရေးတပ် စစ်ဦးစီးချုပ် Shigeru Iwasaki ဟာ သမ္မတ ဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် အခြား စစ်တပ်ခေါင်းဆောင်တွေနဲ့ပါ နေပြည်တော်မှာ တွေ့ဆုံပြီး နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေးကိစ္စ ဆွေးနွေးခဲ့သလို နှစ်နိုင်ငံ စစ်တပ်ကြား ဆက်ဆံရေး တိုးမြှင့်ဖို့၊ နည်းပညာ အထောက်အပံ့နဲ့ ချေးငွေကိစ္စတွေ ကိုလည်း ဆွေးနွေးခဲ့ဖူးပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG