သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်ရောက် မြန်မာလှုပ်ရှားသူတွေ ဌာနေပြန်ဖို့ ခက်ခဲ


အရင်က စစ်အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုတွေကြောင့် ဂျပန်နိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့်နဲ့ တရားဝင်နေထိုင်ကြတဲ့ မြန်မာနိုင်ငံသားတွေ မြန်မာနိုင်ငံကို ပြန်ဖို့ အခက်အခဲ ရှိနေတဲ့ကိစ္စမှာ သက်ဆိုင်ရာ မြန်မာသံရုံးတွေကို ဆက်သွယ် အကူအညီ တောင်းခံလာမယ်ဆိုရင် လိုအပ်တဲ့ အကူအညီတွေကို ပေးသွားဖို့ အစီအစဉ်ရှိတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတဦးက ပြောကြားလိုက်ပါတယ်။

ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေ ကိုယ့်တိုင်းပြည်ကိုယ် နိုင်ငံသားအဖြစ်နဲ့ ပြန်လိုတဲ့ကိစ္စမှာ နိုင်ငံကူးလက်မှတ် ထုတ်ယူဖို့ အခက်အခဲတွေနဲ့ ကြုံနေရချိန်မှာ အခုလို ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အပြောင်းအလဲဖြစ်လာစေဖို့ ဂျပန်နိုင်ငံမှာနေထိုင်ရင်း စစ်အစိုးရ ဆန့်ကျင်ရေးလုပ်ခဲ့ကြတဲ့ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေဟာ ဂျပန်နိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့် ရခဲ့ကြပေမဲ့ ဂျပန်နိုင်ငံသားအဖြစ် မခံယူကြဘဲ နေထိုင်လာခဲ့ကြသူက အများစု ဖြစ်ပါတယ်။ အရပ်သားအစိုးရဖြစ်တဲ့ NLD အစိုးရလက်ထက် ကိုယ့်တိုင်းပြည်ကိုယ် ပြန်ဖို့လုပ်ဆောင်လာချိန် တိုကျိုမြို့က မြန်မာသံရုံးမှာ မြန်မာပတ်စ်ပို့ နိုင်ငံကူးလက်မှတ် ပြန်ထုတ်ယူဖို့ အခက်အခဲတွေနဲ့ ကြုံနေရတယ်လို့ တိုကျိုမြို့က မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူ ဦးသန်းဆွေက ပြောပါတယ်။

“အခုချိန်မှာ စစ်အစိုးရမဟုတ်တော့ဘူး။ ဒီမိုကရေစီအစိုးရ ဖြစ်လာတဲ့အခါကျတော့ ကျနော်တို့ ကိုယ့်နိုင်ငံကိုယ် ပြန်သွားချင်တယ်။ မြန်မာနိုင်ငံကို ပြန်ဖု့ိအတွက် ကိုယ့်နိုင်ငံရဲ့စာအုပ်ကို ကိုယ်ပြန်ကိုင်ချင်တယ်။ ဒါတွေကို သံရုံးကို ဆက်သွယ်မေးမြန်းတဲ့အခါမှာ အခွန်ဆောင်ပါဆိုပြီးတော့ ပြောတာတွေရှိတယ်။ အခွန်ဆောင်ပါဆိုရင် ကျနော်တို့က Double Tax ဖြစ်နေပြီ။ ကျနော်တို့မှာကလည်း အလုပ်လုပ်လို့ရတဲ့ ဝင်ငွေတခုတည်းကို အခွန် ၂ ခါ ဆောင်ရသလို ဖြစ်နေပါတယ်။ အဲတော့ အခုချိန်ကျတော့မှ ဗမာနိုင်ငံကို ပြန်မယ်လည်းလုပ်လိုက်ရော အရင်တုန်းက အခွန်ကျန်ပါတယ်ဆိုပြီးတော့ အခွန်ကောက်တဲ့ကိစ္စတွေက ဗမာနိုင်ငံသားတွေအတွက်ကို အင်မတန်ကို ဝန်ထုပ်ဝန်ပိုး အင်မတန်ကြီးတယ်။ ဗမာနိုင်ငံသား ဖြစ်တယ်၊ မဖြစ်ဘူး ဆိုတဲ့ အထောက်အထားကို ရဖို့အတွက် အခွန်ကိုဆောင်ဖို့ဖြစ်တယ်ဆိုတဲ့ ဥပဒေက မတရားဘူးလို့ ထင်တယ်။”

ဂျပန်နိုင်ငံမှာ နေထိုင်အလုပ်လုပ်ကိုင်ကြတဲ့ မြန်မာနိုင်ငံသားတွေကို စစ်အစိုးရလက်ထက် ၂၀၁၁ ခုနှစ်အထိ ဝင်ငွေခွန်အဖြစ် တလကို ဂျပန် ယန်း ၁ သောင်း တိုကျို-မြန်မာသံရုံးက ကောက်ခံခဲ့တာပါ။ ၂၀၁၁ ခုနှစ်နောက်ပိုင်းကစပြီး နိုင်ငံခြားရောက် မြန်မာတွေ သံရုံးမှာ ဝင်ငွေခွန် ဆောင်စရာ မလိုတော့ဘူးလို့ ဦးသိန်းစိန် အစိုးရလက်ထက်မှာ ကြေညာခဲ့ပါတယ်။ နိုင်ငံတကာရောက် နိုင်ငံရေးခိုလှုံခွင့် ရထားသူတွေကတော့ မြန်မာသံရုံးကို အခွန်ဆောင်လေ့ မရှိကြပါဘူး။ အခုလို နိုင်ငံရေးအပြောင်းအလဲတွေ ရှိလာချိန်မှာ မြန်မာနိုင်ငံ ပြန်လာချင်သူတွေအတွက် အကူအညီပေးဖို့ အဆင့်သင့်ရှိကြောင်း မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်လင်းက ရှင်းပြပါတယ်။

“ကျနော်တို့ နိုင်ငံခြားရေးဝန်ကြီးကနေပြီးတော့ ကျနော်တို့ကို လမ်းညွှန်ထားတာ ရှိပါတယ်။ မြန်မာနိုင်ငံသားတွေအနေနဲ့ ဘယ်လိုအနေအထားပဲရှိရှိ မြန်မာနိုင်ငံသားဆိုတဲ့ဟာကိုတော့ သိဖို့လိုအပ်တယ်။ လိုအပ်တဲ့ အကူအညီတွေ ပေးပါလို့ ကျနော်တို့ကို လမ်းညွှန်ထားတာ ရှိပါတယ်။ အဲဒီလမ်းညွှန်ချက်နဲ့အညီ ကျနော်တို့ကနေပြီးတော့ တရားဝင် ထွက်သွားတဲ့သူပဲဖြစ်စေ၊ တရားမဝင် ထွက်သွားတဲ့သူပဲဖြစ်စေ ကိုယ့်ဆီလာပြီး ဆက်သွယ်ပြီးတော့ အကူညီတောင်းတဲ့ မြန်မာနိုင်ငံသားတွေကို ကျနော်တို့ ကူညီဖို့ အဆင်သင့်ရှိပါတယ်။”

သမ္မတရုံး နိုင်ငံတော် အတိုင်ပင်ခံဝန်ကြီးနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန အပါအဝင် အခြား သက်ဆိုင်ရာ ဝန်ကြီးဌာနတွေဆီ လိပ်မူပြီး ပေးပို့တဲ့ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေရဲ့ မေတ္တာရပ်ခံလွှာထဲမှာတော့ သူတို့အနေနဲ့ ဂျပန်အစိုးရကိုရော မြန်မာအစိုးရကိုပါ ဝင်ငွေခွန် နှစ်ခါ ပေးဆောင်နေရတဲ့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေတယ်လို့ ပြောထားတာပါ။ ဒါပေမဲ့ မြန်မာနိုင်ငံသားတွေကို နိုင်ငံတခုထဲကသာ အခွန် ကောက်ယူကြမယ်လို့ မြန်မာအစိုးရနဲ့ ဂျပန်အစိုးရကြား နှစ်နိုင်ငံသဘောတူထားတာမျိုး မရှိတဲ့အတွက် စစ်အစိုးရလက်ထက်က ကောက်ခဲ့တဲ့ အခွန်တွေကို မြန်မာနိုင်ငံသားတွေ ပေးဆောင်ဖို့တော့ လိုမယ်လို့ ဦးအောင်လင်းက ပြောပါတယ်။

“နိုင်ငံသားတယောက်ဟာဆိုရင် နိုင်ငံသားဖြစ်နေတဲ့အချိန်မှာ အခွန်ထမ်းဆောင်ဖို့ တာဝန်ရှိပါတယ်။ သူရောက်နေတဲ့ နိုင်ငံရဲ့ ဥပဒေကို လိုက်နာဖို့ အခွန်ဆောင်ရတာလည်း ရှိပါတယ်။ မြန်မာနိုင်ငံနဲ့ ဂျပန်နိုင်ငံမှာ သူတို့ကြား အခွန်နှစ်ထပ်ပေးဆောင်ခြင်းကနေ ကင်းလွတ်တဲ့ သဘောတူညီချက် လက်မှတ်ရေးထိုးထားတာ မရှိပါဘူး။ ဒါကြောင့်မို့ သူတို့အနေနဲ့ တချိန်တုန်းကတော့ အဲဒီအချိန်မှာ မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ခဲ့စဉ်တုန်းက သူတို့က မြန်မာနိုင်ငံသား ဖြစ်တဲ့အတွက်ကြောင့် မြန်မာနိုင်ငံရဲ့ အခွန်ပေးဆောင်ရတာ ဖြစ်သလို၊ သူတို့နိုင်ငံမှာလည်း အခွန်ပေးဆောင်ရတာ ဖြစ်ပါတယ်။”

ဒါပေမဲ့ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ စစ်အစိုးရလက်ထက်က ကောက်ခံခဲ့တဲ့ အခွန်ကိုတော့ ပေးဆောင်လိုစိတ် မရှိကြဘူးလို့ ဦးသန်းဆွေက ပြောပါတယ်။

“အခုလက်ရှိအစိုးရနဲ့ ကျနော်တို့က အခွန်ဆောင်သင့် မဆောင်သင့်ပေါ့လေ ဒါတွေကို ကျနော်တို့က ပြေပြေလည်လည် ဆွေးနွေးတင်ပြခွင့် ရမယ်ဆိုရင် ဒီမိုကရေစီအစိုးရလက်ထက်မှာ အခွန်ပေးဆောင်ဖို့အတွက် အဆင်သင့်ရှိတယ်။ စစ်အုပ်စုကနေ ကျနော်တို့ကို တဘက်သတ် နိုင်ငံသားအဖြစ်က ရပ်ဆိုင်းလိုက်တဲ့အချိန်မှာ ကျနော်တို့မိသားစု၊ ကျနော်တို့ရဲ့ ညီအကို မောင်နှမတွေကို အင်မတန်ကို ဒုက္ခပေးပြီးတော့ အင်မတန်ကို ဖိအားပေးနေတဲ့အချိန်မှာ ကျရောက်တဲ့ သူတို့သတ်မှတ်တဲ့ အခွန်တွေကို ပေးချင်တဲ့ဆန္ဒ ကျနော်တို့ မရှိပါဘူး။”

၂၀၁၀ နှစ်လယ်အထိ ထုတ်ပြန်တဲ့ ဂျပန်အစိုးရရဲ့ စာရင်းအရ ဂျပန်နိုင်ငံမှာ မြန်မာနိုင်ငံသား ၉ ထောင်နီးပါးရှိပြီး၊ လွတ်လပ်တဲ့ အဖွဲ့အစည်းတွေကတော့ ဂျပန်မှာ မြန်မာနိုင်ငံသား နှစ်သောင်းထက်မနည်း ရှိတယ်လို့ ခန့်မှန်းကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG