ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ကျွန်းတွေရှိရာကို တရုတ်နိုင်ငံဘက်က ကျူးကျော်ဝင်ရောက်မှု မလုပ်နိုင်အောင် ဟန့်တား ကာကွယ်သွားမယ်လို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ကတိပြုပြောဆို လိုက်ပါတယ်။ ပင်လယ်ပြင်အတွင်း နှစ်ဘက် ရင်ဆိုင်မှုတွေ ဆက်တိုက် ဖြစ်ပွားခဲ့ပြီးတဲ့နောက် ၀န်ကြီးချုပ်အာဘေး က အခုလိုပြောလိုက်တာပါ။
အိုကီနာဝါကျွန်းမှာရှိတဲ့ ခုခံကာကွယ်ရေး တပ်ဖွဲ့တွေကို မိန့်ခွန်းပြောကြားရာမှာ ဂျပန်နိုင်ငံအနေနဲ့ သူ့ရဲ့ ပင်လယ်ပြင်၊ ကျွန်းတွေနဲ့ လေပိုင်နက်ကို အစွမ်းကုန် ကာကွယ်သွားမှာ ဖြစ်တယ်လို့ ၀န်ကြီးချုပ်က ထည့်သွင်းပြောဆိုသွားပါတယ်။
တရုတ်နိုင်ငံက သူပိုင်တယ်လို့ ပြောနေတဲ့ ဂျပန်ရဲ့ ထိန်းချုပ်မှုအောက်မှာရှိနေတဲ့ ကျွန်းတွေအရေးကို ရည်ရွယ်ပြီး ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။ အဲဒီကျွန်းတွေကို ဂျပန်က Senkaku လို့ခေါ်ပြီး တရုတ်ကတော့ Daioyu လို့ခေါ်ပါတယ်။ ဒီကျွန်းတွေအနီးကို တရုတ်ဘက်က ထောက်လှမ်းရေးရေ ယာဉ်တွေ မကြာခဏ စေလွှတ်နေပြီး နှစ်နိုင်ငံအကြား တင်းမာမှုတွေ ပိုတိုးလာနေပါတယ်။
ပြည်တွင်း နိုင်ငံရေးကိစ္စနဲ့ ပတ်သက်ပြီး ၀န်ကြီးချုပ် မစ္စတာ အာဘေးဟာ အိုကီနာဝါကျွန်း အုပ်ချုပ်ရေးမှူး Hirokazu Nakaima နဲ့ စနေနေ့နှောင်းပိုင်းမှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အိုကီနာဝါကျွန်းပေါ်မှာရှိတဲ့ အမေရိကန်စစ်စခန်း နေရာပြောင်းရွှေ့ချထားရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးကြရာမှာ သဘောတူညီမှု မရခဲ့ပါဘူး။ အိုကီနာဝါ ကျွန်းမှာနေထိုင်တဲ့ ပြည်သူတွေ က အမေရိကန်စစ်စခန်းကို ပြောင်းရွှေ့စေချင်ကြောင်း အိုကီနာဝါ အုပ်ချုပ်ရေးမှူးက ဆွေးနွေးပွဲမှာ ထပ်ခါတလဲလဲ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။