သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်ကပ်ဘေးနဲ့ နျူကလီးယား အရေးပေါ်အခြေအနေ


ဂျပန်ကပ်ဘေးနဲ့ နျူကလီးယား အရေးပေါ်အခြေအနေ
ဂျပန်ကပ်ဘေးနဲ့ နျူကလီးယား အရေးပေါ်အခြေအနေ

ဂျပန်နိုင်ငံက ဖူကူရှီးမား ဓါတ်အားပေးစက်ရုံမှာ သောကြာနေ့ကလှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကိုခံခဲ့ရတာမို့ အခု ဓါတ်ပေါင်းဖိုအမှတ် (၃) မှာ အရေးပေါ်အနေအထား ကြုံနေရတယ်လို့ ဂျပန်နိုင်ငံ နျူကလီးယားဆိုင်ရာ လုံခြုံစိတ်ချရရေးအဖွဲ့ JNISC က တနင်္ဂနွေနေ့မှာ သတိပေးလိုက်ပါတယ်။ စနေနေ့က ဓါတ်ပေါင်းဖိုအမှတ် (၁) ရှိရာမှာ ပေါက်ကွဲမှုနဲ့အတူ စက်ရုံအဆောက်အဦးတခု ပျက်စီးခဲ့ရပြီး အခုလည်း အမှတ် (၃) ဓါတ်ပေါင်းဖိုက အအေးပေးတဲ့စနစ် ချို့ယွင်းလာတာမို့ ပေါက်ကွဲမှုတွေဖြစ်ပွားနိုင်တဲ့အန္တရာယ် ရှိနေတယ်လို့ဆိုပါတယ်။

သောကြာနေ့ နေ့လည်က လှုပ်ခတ်ခဲ့တဲ့ ပြင်းအားအဆင့် ၈.၉ ရှိတဲ့ငလျင်ကြီးနောက်ပိုင်း ၂၄ နာရီကျော်တဲ့အထိ ငလျင်ငယ် အများအပြား ဆင့်ကဲလှုပ်ခတ်ခဲ့တယ်လို့ ဖူကူရှီးမား နျူကလီးယား ဓါတ်ပေါင်းဖိုရှိရာ ဒေသမှာရောက်နေတဲ့ ဗွီအိုအေသတင်းထောက်တွေက ပြောပါတယ်။

စနေနေ့ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့နောက်ပိုင်း လေထုထဲ အနုမြူဓါတ်ရောင်ခြည် ထုတ်လုပ်မှုပမာဏ လျော့ကျလာတယ်လို့ တာဝန်ခံတွေကပြောပါတယ်။ ဒါပေမဲ့ နောက်ထပ် ကြုံတွေ့လာနိုင်တဲ့ အန္တရာယ်အတိုင်းအတာကိုတော့ သေသေချာချာ မပြောပါဘူး။ ဓါတ်ပေါင်းဖိုရှိရာနေရာကနေ ၁၂ မိုင်ခွဲအတွင်း နေထိုင်နေကြတဲ့ဒေသခံတွေကို ဘေးလွတ်ရာရွှေ့ပြောင်းဖို့ အာဏာပိုင်တွေက ပြောကြားခဲ့ပြီး ရေဒီယိုသတ္တိကြွ ဓါတ်ရောင်ခြည်အဆိပ်သင့်မှု ကြိုတင်ကာကွယ်ဖို့အတွက် ဒေသခံတွေကို အိုင်အိုဒင်းဆေးပြားတွေ ဝေငှပေးခဲ့ပါတယ်။

ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းဒေသတဝှမ်း ဆင့်ကဲလှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်နဲ့အတူ ဆူနာမီရေလှိုင်းကြီးတွေရဲ့ ဒဏ်ကို အကြီးအကျယ်ခံစားနေရချိန်မှာပဲ အခုလို နျူကလီးယားစွမ်းအင်ထုတ်တဲ့ ဓါတ်ပေါင်းဖိုတွေကနေ တွေ့ကြုံလာနိုင်တဲ့ အန္တရာယ်တွေကို ထပ်ပြီးစိုးရိမ်လာရတာဖြစ်ပါတယ်။

ငလျင်ဒဏ်နဲ့အတူ ဆူနာမီရေလှိုင်းကြီးတွေရဲ့ဒဏ်ကြောင့် သေဆုံးပျောက်ဆုံးရသူ အရေအတွက်ဟာ ဂျပန်စံတော်ချိန် စနေနေ့ညပိုင်းအထိ ၁,၃၀၀ ကျော်သွားပြီဖြစ်ပါတယ်။ အရေးပေါ်ကယ်ဆယ်ရေး စခန်းတွေကို သွားရောက်တဲ့သူပေါင်း ၂၁၀,၀၀၀ ကျော်ရှိတယ်လို့ သတင်းတွေကပြောပါတယ်။

XS
SM
MD
LG