သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်မှာ အားပြင်းငလျင် ထပ်လှုပ်


ဂျပန်မှာ အားပြင်းငလျင် ထပ်လှုပ်
ဂျပန်မှာ အားပြင်းငလျင် ထပ်လှုပ်

အခု မကြာခင်ကပဲ ဂျပန်နိုင်ငံ တိုကျိုမြို့ရဲ့ အနောက်တောင်ဘက် မိုင် ၂၀၀ လောက်မှာရှိတဲ့ ရှီဇူအိုကာမြို့မှာ ပြင်းအား ၆.၄ မဂ္ဂနီကျုရှိတဲ့ ငလျင် လှုပ်ခတ်သွားခဲ့တာကို ဂျပန်အစိုးရရဲ့ ရုပ်မြင်သံကြား NHK မှာ ပြသနေပါတယ်။

ပြင်းအား မဂ္ဂနီကျု ၉ နဲ့ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးနဲ့ ၃၃ ပေ အမြင့်ရှိတဲ့ ဆူနာမီ ရေလှိုင်းလုံးကြီးတွေရဲ့ဒဏ်ကို ခံခဲ့ရတဲ့ ဂျပန်နိုင်ငံ အရှေ့မြောက်ဘက်က မီယာဂီခရိုင် ဆန်ဒိုင်းမြို့မှာ အသက်မသေ ကျန်ရစ်သူတွေဟာ စားစရာ၊ သောက်ရေ ရရှိရေးအတွက် လူတန်းရှည်ကြီးတွေနဲ့ တန်းစီနေကြတာကို ဂျပန် ရုပ်မြင်သံကြားတွေမှာ ပြသခဲ့ပြီး ဂျပန်အစိုးရကတော့ အခုအခါမှာ သေဆုံးသူ ၃,၀၉၁ ဦး ရှိခဲ့တာကို အတည်ပြုထားပါတယ်။ ထောင်ပေါင်းများစွာလည်း ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ ဂျပန်အစိုးရက အတည်ပြု ပြောကြားခဲ့ပါတယ်။

ဂျပန်နိုင်ငံက နျူကလီးယား ဓာတ်ပေါင်းဖိုတွေရဲ့ ပေါက်ကွဲမှု အခြေအနေကြောင့် ဂျာမဏီနိုင်ငံမှာလည်း နျူကလီးယား စွမ်းအင်နဲ့ လည်ပတ်တဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၂၂ ခုထဲက သက်တမ်းရင့်နေပြီဖြစ်တဲ့ ၁၉၈၀ မတိုင်မီကတည်းက တည်ထောင်ထားတဲ့ ဓာတ်ပေါင်းဖို ၇ လုံးကို ပိတ်ပစ်ဖို့ ဆုံးဖြတ်လိုက်တဲ့အကြောင်း ဂျာမန်ဝန်ကြီးချုပ် မစ်စ် အန်ဂျလာ မာကဲလ် (Angela Merkel) က ပြောဆိုခဲ့ပါတယ်။

နျူကလီးယား ဓာတ်ပေါင်းဖိုတွေကနေ ပြန့်လွင့်လာတဲ့ ရေဒီယို သတ္တိကြွ ရောင်ခြည်တွေရဲ့ အန္တရာယ်ရှိမှု အဆင့်ဟာ သိပ်ပြီး မြင့်လာနေပြီလို့ ဂျပန်ဝန်ကြီးချုပ် နာအိုတို ခန် (Naoto Kan) က ဒီနေ့ ရုပ်မြင်သံကြားကနေ လူထုကို တိုက်ရိုက် အသံလွှင့် ပြောကြားခဲ့ပါတယ်။

ဒီဓာတ်ပေါင်းဖိုတွေရဲ့ ၂၄ မိုင်ပတ်လည်မှာ နေထိုင်ကြသူတွေဟာ မိမိတို့ ရောက်ရှိနေရာ အဆောက်အဦးတွေ ထဲကနေ အပြင်မထွက်ဘဲ နေကြဖို့လည်း ဝန်ကြီးချုပ် နာအိုတို ခန်က ပြောခဲ့ပါတယ်။

ဂျပန်နိုင်ငံ အရှေ့ဘက်ခြမ်း ဖူကူရှီးမားခရိုင် ကူရှ်အိယာမမြို့က အမှတ် ၁ နျူကလီးယား ဓာတ်အားပေးစက်ရုံရဲ့ အဏုမြုဓာတ်ပေါင်းဖို ၃ ခုဟာ ငလျင်နဲ့ ဆူနာမီ ရေလှိုင်းဒဏ်ကြီးတွေကြောင့် သောကြာနေ့က ပျက်စီးပြီး တလုံးပြီးတလုံး ပေါက်ကွဲနေတာ ဖြစ်ပါတယ်။

XS
SM
MD
LG