သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်အစုရှယ်ယာ ဈေးတက်


ဂျပန်အစုရှယ်ယာ ဈေးတက်
ဂျပန်အစုရှယ်ယာ ဈေးတက်

ဂျပန်နိုင်ငံ ဖူကူရှီးမားခရိုင် (Fukishima) အဏုမြူစွမ်းအင် လျှပ်စစ် ဓာတ်အားပေးစက်ရုံက ပျက်စီးမှုတွေကို ပြန်ပြီး ပြင်ဆင် လုပ်ကိုင်နေတာ တိုးတက်မှုတွေ ဖြစ်ပေါ်လာတာကြောင့် ဒီနေ့ တိုကျိုမြို့တော်က စတော့ခ် (Stock) ရှယ်ယာဈေးကွက် နိကဲအိ (Nikkei) အညွှန်းကိန်းဟာ ၄.၃၆% အထိ တက်သွားခဲ့ပြီး ဒါဟာ မတ်လ ၁၁ ရက်နေ့ တိုဟူးကုဒေသ ငလျင်ကြီးနဲ့ ဆူနာမီ ရေလှိုင်းကြီးတွေရဲ့ ရိုက်ခတ်မှုအပြီး နောက်ပိုင်း နိကဲအိ အမြင့်ဆုံး တက်လာခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ မတ်လ ၁၁ ရက်နေ့ကနဲ့ နှိုင်းယှဉ်ရင်တော့ ဒီနေ့အထိ နိကဲအိ အညွှန်းကိန်းဟာ ၆% ကျဆင်းနေဆဲ ဖြစ်ပြီး ပြီးခဲ့တဲ့ သီတင်းပတ်မှာ နိကဲအိဟာ ၁၆% အောက်ကို ထိုးကျခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့မှာလည်း နိုင်ငံတကာ ငွေကြေးနဲ့ စီးပွားရေး ဈေးကွက်တွေထဲကို ဂျပန် ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၅,၀၀၀ ထည့်သွင်းခဲ့ပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ တွက်ချက်မှုအရ ငလျင်နဲ့ ဆူနာမီကြောင့် ဂျပန်နိုင်ငံရဲ့ စီးပွားရေးအရ ဆုံးရှုံးမှုဟာ ဒေါ်လာ သန်းပေါင်း ၂၃၅,၀၀၀ ရှိခဲ့ပြီး ဒါဟာ ဂျပန်ရဲ့ နှစ်စဉ် စီးပွားရေး ထုတ်လုပ်နိုင်မှုရဲ့ ၄% ရှိတယ်လို့ ကမ္ဘာ့ဘဏ်က ဆိုပါတယ်။

ဂျပန်နိုင်ငံက ကားထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတွေဟာ လျှပ်စစ်ဓာတ်အား လျှော့ချဖြတ်တောက် ခံထားရပြီး အပိုပစ္စည်းတွေပါ ပြတ်လပ်နေမှုကြောင့် ကားထုတ်လုပ်ရေး လုပ်ငန်းတွေ ပြန်စတင်ဖို့ အပြင်းအထန် လုံးပန်းနေကြရပါတယ်။

မနက်ဖြန် ဗုဒ္ဓဟူးနေ့မှာ ဟွန်ဒါ (Honda) ကုမ္ပဏီရဲ့ ကားနဲ့ ဆိုင်ကယ် ထုတ်လုပ်မှုတွေ ပြန်ပြီးစတင်ဖို့ ရည်မှန်းထားပေမဲ့ အခုတော့ လာမယ့် တနင်္ဂနွေနေ့မှ ပြန်ပြီး စတင်နိုင်မယ်လို့ ဆိုပါတယ်။ တိုယိုတာ (Toyota) ကတော့ ဘယ်တော့မှ ပြန်စမယ်ဆိုတာ ပြောဆိုနိုင်ခြင်း မရှိသေးဘဲ နစ်ဆန်း (Nissan) ကတော့ သူ့ရဲ့ စက်ရုံ ၅ ရုံကို ဒီသီတင်းပတ်ထဲမှာ စပြီး လည်ပတ်မယ်လို့ ဆိုပါတယ်။

XS
SM
MD
LG