သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားရေးအပေါ် ရိုက်ခတ်နေတဲ့ ဂျပန်နိုင်ငံရေး ပြဿနာ


စီးပွားရေး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ ဂျပန်နိုင်ငံရဲ့ ၀န်ကြီးချုပ် သြဂုတ်လနှောင်းပိုင်းမှာပဲ ရာထူးက နှုတ်ထွက်သွားပါတယ်။

သြဂုတ်လ ၂၉၊ ၂၀၁၁-အစိုးရ အပြောင်းအလဲတွေနဲ့ ကြွေးမြီပြဿနာတွေက ဂျပန်နိုင်ငံရဲ့ စီးပွားရေး ကျဆင်းမှုအပေါ် အရိပ်မိုးနေပါတယ်။

စီးပွားရေးအရ စိမ်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ဂျပန်နိုင်ငံမှာ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် အခြေအနေတွေ ပိုဆိုးလာမှာကို စိုးရိမ်မကင်း ဖြစ်မှုတွေလည်း ထွက်ပေါ်လာနေပါတယ်။ အခုနောက်ဆုံး ၀န်ကြီးချုပ် နှုတ်ထွက်လိုက်တဲ့ အတွက်ကြောင့်လည်း ကမ္ဘာပေါ်မှာ စီးပွားရေး အင်အားတောင့်တင်းတဲ့ တိုင်းပြည်တခုဖြစ်တဲ့ ဂျပန်နိုင်ငံရဲ့ စီးပွားရေး အနာဂတ် မရေမရာ ဖြစ်မယ့် အခြေအနေတွေကို ဦးတည်စေခဲ့တယ်လို့ ဆန်းစစ်သူတွေက မြင်နေကြတာပါ။

နိုင်ငံရေး၊ စီးပွားရေး အကျပ်အတည်းတွေ ကြုံနေရတဲ့ ဂျပန်နိုင်ငံရဲ့ စီးပွားရေး အခြေအနေနဲ့ ရှေ့အလားအလာတွေ ဘယ်လို ရှိနိုင်မလဲ ဆိုတာတွေကိုတော့ ဒီတပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုအောင်လွင်ဦး က စုစည်းတင်ပြပေးမှာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် နာအိုတို ခန် (Naoto Kan) ရာထူးက နှုတ်ထွက်သွားချိန်မှာ အစိုးရရဲ့ ကြွေးမြီပြဿနာ၊ ယန်းငွေတန်ဘိုး မြင့်တက်လာနေတာ၊ နျူကလီးယားစွမ်းအင် ပြဿနာတွေကစလို့ သဘာဝ ကပ်ဘေးဒဏ် ခံခဲ့ရတဲ့ တိုင်းပြည်အတွက် ပြန်လည် ထူထောင် သွားဖို့လို စီးပွားရေးအတွက် အခြေခံကျတဲ့ စိမ်ခေါ်မှုတွေနဲ့ ဂျပန်နိုင်ငံ ဆက်လက် ရင်ဆိုင်နေရဆဲပါ။ အထူးသဖြင့်ကတော့ လူပေါင်း ၂၀,၀၀၀ ကျော် သေဆုံး၊ ပျောက်ဆုံးတဲ့အထိ ဖြစ်ခဲ့ရတဲ့ ငလျင်နဲ့ ဆူနာမီ ရေလှိုင်းဒဏ် ခံခဲ့ရပြီးနောက်ပိုင်း ကျဆင်းလာနေတဲ့ ဂျပန်နိုင်ငံရဲ့ စီးပွားရေးကို အစိုးရတွေ အဖတ်ဆယ်ဖို့ဟာ အဓိက စိမ်ခေါ်မှု ဖြစ်မယ်လို့ ဆန်းစစ်သူတွေက ပြောပါတယ်။

ဂျပန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ တတိယ စီးပွားရေး အင်အားအကြီးဆုံး ဆိုပေမဲ့လည်း ဖွံ့ဖြိုးပြီး နိုင်ငံတွေကြားမှာ လူတဦးချင်း ၀င်ငွေထက် ပေးရမယ့် အကြွေးတွေ အများဆုံး တင်နေတဲ့ တိုင်းပြည်တခုလည်း ဖြစ်နေတာမို့ အစိုးရ အဆက်ဆက်အတွက် ခေါင်းခဲစရာ ဆက်ဖြစ်နေဦးမယ်လို့ တိုကျိုမြို့မှာ အခြေစိုက်ပြီး ဂျပန်နိုင်ငံရဲ့ စီးပွားရေး အခြေအနေတွေကို ဆန်းစစ်လေ့လာနေတဲ့ သတင်းစာဆရာ ဒေးဗစ် မက်နီးလ် (David McNeill) က ပြောပါတယ်။
“အဓိကကတော့ ဂျပန်အစိုးရရဲ့ ကြွေးမြီပြဿနာပါ။ အကြွေးတွေက သိပ်များလွန်းပြီး လျော့လာတာလည်း မရှိပါဘူး။ ဂျပန်နိုင်ငံက လူတဦးချင်း ကုန်ထုတ်လုပ်မှု ပမာဏရဲ့ ၂ ဆ ရှိနေတာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံသား တဦးချင်းအတွက် တနှစ်ကို ယန်းငွေ ၇ သန်းလောက်၊ ဒေါ်လာနဲ့ဆိုရင် ၉၁,၀၀၀ လောက် ရှိနေတာမို့ ပြန်ဆပ်ဖို့ဆိုတာ သိပ်မလွယ်ပါဘူး။ မကြာသေးခင်တုန်းက ကပ်ဘေးဒဏ် ခံလိုက်ရတာကြောင့် အကြွေးတွေ ပြန်ဆပ်နိုင်မယ့် အချိန်တွေလည်း ပိုပြီးနောက်ဆုတ် သွားပါတယ်။”

စီးပွားရေး အားကောင်းလာစေဖို့နဲ့ ပြန်လည်ထူထောင်ရေး အစီအစဉ်တွေကို ထိထိရောက်ရောက် မလုပ်နိုင်ဘူးလို့ အာဏာရ ပါတီထဲကရော၊ အတိုက်အခံတွေကပါ ဝေဖန်တိုက်ခိုက်တာတွေ ခံခဲ့ရပြီးတဲ့နောက် တာဝန်က အနားယူသွားတဲ့ ၀န်ကြီးချုပ် ကတော့ ၁၅ လကြာ သက်တမ်းအတွင်း သူ့အနေနဲ့ တိုးတက်မှုတွေကို တတ်နိုင်သမျှ လုပ်ပေးနိုင်ခဲ့တဲ့အကြောင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ကပ်ဘေးဒဏ် မခံရမီကတည်းက နိုင်ငံရေး အကျပ်အတည်းတွေ ကြုံနေခဲ့ရတဲ့ ၀န်ကြီးချုပ် နာအိုတို ခန် အနေနဲ့ ငလျင်နဲ့ ဆူနာမီဒဏ် သာမက နောက်ဆက်တွဲ နျူကလီးယား ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းရမှာ အားနည်းတယ် ဆိုပြီးတော့လည်း ပြစ်တင်ခံခဲ့ရတာပါ။

ဝန်ကြီးချုပ်ကတော့ သူ့သက်တမ်းတလျှောက် တာဝန်ကျေပြွန်ခဲ့ပါတယ်လို့ ရာထူးက နှုတ်ထွက်ကြောင်း တိုက်ရိုက်ထုတ်လွှင့် ပြသခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောဆိုသွားတာ ဖြစ်ပါတယ်။
“တာဝန်ယူနေစဉ် ၁ နှစ်နဲ့ ၃ လတာ အချိန်အတွင်း ၀န်ကြီးအဖွဲ့ဟာ အခွန်ကိစ္စ ပြုပြင်ပြောင်းလဲမှုတွေ၊ တခြား လူမှုရေးဆိုင်ရာ မူဝါဒတွေမှာ တိုးတက်အောင် လုပ်နိုင်ခဲ့တယ်။ မတ်လ ၁၁ ရက်နေ့မှာတုန်းက ပျက်စီးဆုံးရှုံးမှုတွေနဲ့ ကြုံခဲ့ရတဲ့ သဘာဝဘေးဒဏ်နဲ့ နောက်ဆက်တွဲ နျူကလီးယား မတော်တဆမှု ပြဿနာတွေကနေ ရုန်းထွက်ရာမှာ အထောက်အကူ ပေးနိုင်ခဲ့ပါတယ်။” လို့ ၀န်ကြီးချုပ်က ဂျပန်ဘာသာနဲ့ ပြောသွားတာ ဖြစ်ပါတယ်။

ဂျပန်ယန်းငွေ တန်ဘိုး မြင့်တက်နေတာဟာလည်း အစိုးရတွေအတွက် စီးပွားရေးအရ အဓိကကျတဲ့ စိမ်ခေါ်မှုတခု ဖြစ်နေရတာပါ။ သြဂုတ်လ တတိယပတ်ကုန်မှာတုန်းကဆိုရင် အစိုးရက ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ကြားကပဲ အမေရိကန် ၁ ဒေါ်လာကို ၇၆ ယန်း နီးပါးအထိ စံချိန်ချိုးလောက်အောင် မြင့်တက်သွားခဲ့တာပါ။ ဒီအတွက်လည်း ပြည်ပပို့ကုန် လုပ်ငန်းတွေအပေါ် အားထားနေရတဲ့ ဂျပန်နိုင်ငံ စီးပွားရေးအတွက် ထိခိုက်စရာတွေ ဖြစ်ခဲ့ရပါတယ်။ အခြေအနေတွေကို ထိန်းချုပ်နိုင်ဖို့ အတွက်ကိုတော့ အစိုးရက သြဂုတ်လ နှောင်းပိုင်းမှာ ဂျပန်နိုင်ငံရဲ့ ပြည်ပရင်းနှီးမြုပ်နှံမှု လုပ်ငန်းတွေအတွက် ဒေါ်လာ ဘီလီယံ ၁၀၀ အကြွေးပေးခဲ့သလို၊ ကမ္ဘာပေါ်က အဓိကဘဏ္ဍာရေး ဈေးကွက်တွေကိုလည်း မျက်ခြေမပြတ် စောင့်ကြည့်တာတွေ လုပ်ခဲ့တာပါ။ ဒါပေမဲ့လည်း ဂျပန်ယန်းငွေ တန်ဘိုးကို ထိန်းထားနိုင်ပါ့မလား ဆိုတာကိုတော့ စီးပွားရေး အကဲဖြတ်သူတွေက သံသယ ရှိနေကြဆဲ ဖြစ်ပါတယ်။

နိုင်ငံတကာက ရင်းနှီးမြုပ်နှံမှု လုပ်ငန်းတွေအတွက် ၀န်ဆောင်မှုပေးနေတဲ့ Moody ကော်ပိုရေးရှင်းကတော့ ဂျပန်နိုင်ငံအပေါ် အကြွေးပေးရာမှာ ယုံကြည်စိတ်ချနိုင်တဲ့ အဆင့်အတန်းကို တဆင့်နှိမ့် လျှော့ချသတ်မှတ်လိုက်တာပါ။ တိုင်းပြည်မှာ အကြွေးတွေ များလာတာ၊ အစိုးရတွေ မကြာခန ပြောင်းနေတဲ့အတွက် စီးပွားရေးနဲ့ ပတ်သက်တဲ့ မူဝါဒတွေမှာ ထိရောက်မှု မရှိတာတွေကို ထောက်ပြပြီး မူလက AA2 အဆင့် သတ်မှတ်ထားရာကနေ AA3 အဖြစ် သြဂုတ်လ တတိယပတ်ထဲမှာပဲ လျှော့ချလိုက်တာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံ စီးပွားရေး အခြေအနေတွေကို ဆန်းစစ်အကဲခတ်နေတဲ့ တိုကျိုမြို့က သတင်းစာဆရာ ဒေးဗစ် မက်နီးလ် ကတော့ ဒီလို အဆင့်လျှော့ချ သတ်မှတ်ခံရနိုင်တဲ့ အကြောင်းရင်းတွေဟာ ကာလအတော်ကြာ ကတည်းက ရှိနေခဲ့တာဖြစ်သလို၊ ဒါဟာ တိုင်းပြည် စီးပွားရေးအတွက် ထိုးနှက်ချက်တရပ် ဖြစ်မယ်လို့ ပြောခဲ့တာပါ။

ဂျပန်နိုင်ငံ ရင်ဆိုင်နေရတဲ့ စီးပွားရေး ပြဿနာတွေဟာ ဆိုရင်လည်း နိုင်ငံရေး မတည်ငြိမ်မှုတွေကနေ မြစ်ဖျားခံလာကြတာ ဖြစ်တယ်လို့ သူကပြောပါတယ်။
“၅ နှစ်အတွင်း ၀န်ကြီးချုပ် ၆ ယောက်မြောက် တက်လာတော့မယ့် ကိစ္စကို လူအတော်များများက ထောက်ပြနေကြတာပါ။ ဒါကလည်း ပြဿနာပါ။ ဘာကြောင့်လဲဆိုတော့ အရင်တုန်းက ရှေးရိုးစွဲ လစ်ဘရယ် ဒီမိုကရက်ပါတီကပဲ ပတ်ချာလှည့်ပြီး ရာစုနှစ်ဝက်လောက် ၀န်ကြီးချုပ် ဖြစ်နေတာကို ဂျပန်ဒီမိုကရက်ပါတီက အဆုံးသတ်ပေးလိုက်တဲ့ လွန်ခဲ့တဲ့ ၂ နှစ်လောက်မှာ တုန်းကတော့ အပြောင်းအလဲတွေ ဖြစ်လာမလားဆိုပြီး လူအတော်များများက မျှော်လင့်ခဲ့ကြပါတယ်။ ဒါပေမဲ့ သိပ်မထူးသလိုပဲ တွေ့လာရပါတယ်။ အခုဆိုရင် ဒီမိုကရက်ပါတီရဲ့ တတိယမြောက် ၀န်ကြီးချုပ် တက်လာတော့မှာပါ။”

ရာထူးက ဆင်းပေးခဲ့တဲ့ ၀န်ကြီးချုပ်ကတော့ နောက်ထပ် ဆက်ခံမယ့်သူ အနေနဲ့ တိုင်းပြည်မှာ ရင်ဆိုင်နေရတဲ့ စိမ်ခေါ်မှုတွေကို ထိထိရောက်ရောက် ဖြေရှင်းနိုင်အောင် သူ့ထက်ပိုပြီး သက်တမ်းကြာကြာ တာဝန်ယူနိုင်တဲ့ အခွင့်အလန်းရဖို့ မျှော်လင့်တဲ့အကြောင်း ပြောခဲ့တာပါ။ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ကတော့ ကပ်ဘေးဒဏ် ခံရတဲ့ အခြေအနေကနေ ပြန်လည် ထူထောင်လာအောင် ဆောင်ရွက်နေတဲ့ အစီအစဉ်တွေမှာ နှေးကွေးနေတဲ့ အတွက်ကြောင့် ဂျပန်နိုင်ငံ စီးပွားရေးဟာ ဒီနှစ် ၂၀၁၁ ခုနှစ်ထဲမှာ မူလက ခန့်မှန်းသလောက်တော့ တိုးတက်နိုင်မှာ မဟုတ်ဘူးလို့ ဇူလိုင်လထဲမှာပဲ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ စီးပွားရေး ဖွံဖြိုးမှုဟာ ဒီနှစ်ထဲမှာ ၁.၅% ရှိမယ်လို့ အစောပိုင်းမှာ တွက်ထားခဲ့ပေမဲ့၊ နောက်ဆုံး ခန့်မှန်းချက်မှာတော့ ၀.၅% သာ ရှိနိုင်တယ်လို့ ADB ရဲ့ ၂၀၁၁ ခုနှစ် အာရှတိုက် ဖွံ့ဖြိုးမှုအတွက် ကြိုတင်ဆန်းစစ်ထားတဲ့ အစီရင်ခံစာမှာ ဖော်ပြခဲ့တာပါ။

ဒီလိုပဲ ဂျပန်နိုင်ငံက ကပ်ဘေးဒဏ်နဲ့ နျူကလီးယား စွမ်းအင်ကဏ္ဍက ပြဿနာတွေကြောင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေမှာ ထိခိုက်မှုတွေ ရှိနိုင်တဲ့အတွက်၂၀၁၁ ခုနှစ်ထဲမှာ ကြုံတွေ့ရမယ့် စီးပွားရေး ကျဆင်းမှုတွေဟာ အာရှနိုင်ငံတွေ အပေါ်မှာလည်း ရိုက်ခတ်လာနိုင်တယ်လို့ ADB က ခန့်မှန်းထားတာ ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားပါရစေ။

XS
SM
MD
LG