သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်အထက်လွှတ်တော် ဝန်ကြီးချုပ်ပါတီ အနိုင်ရ


ဂျပန်ဝန်ကြီးချုပ် ရှင်ဇီုအာဘေး။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇီုအာဘေး။
တနင်္ဂနွေနေ့က ဂျပန်နိုင်ငံမှာကျင်းပခဲ့တဲ့ အထက်လွှတ်တော်ရွေးကောက်ပွဲမှာ လက်ရှိအာဏာရ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးရဲ့ အစိုးရအဖွဲ့က အပြတ်အသတ် အနိုင်ရရှိသွားခဲ့ပါတယ်။ ဒါဟာ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး အစိုးရအနေနဲ့ တိုင်းပြည်အုပ်ချုပ်ခွင့်အာဏာကို အခိုင်အမာ ရရှိသွားတာဖြစ်ပါတယ်။ ဒါ့အပြင် ဂျပန်နိုင်ငံရေးမှာ သြဇာအရှိန်အဝါ ကြီးမားခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း ဂျူနီချီးရိုး ကိုအိဇူမိ (Junichiro Koizumi)၊ ၂၀၀၆ ခုနှစ်မှာ ရာထူးကနေ အနားယူ သွားပြီးတဲ့ နောက်ပိုင်း၊ ဂျပန်နိုင်ငံမှာ ပထမဆုံး တည်ငြိမ်တဲ့အစိုးရ တရပ် ပေါ်ပေါက်လာတာလည်း ဖြစ်ပါတယ်။ ဒီအကြောင်းကိုတော့ ကိုကျော်သိင်္ခက တင်ပြထားပါတယ်။

တနင်္ဂနွေနေ့မှာကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ သူ့ပါတီက အပြတ်အသတ် အနိုင်လိုက်တဲ့နောက်၊ ပါတီရုံးချုပ်မှာရှိတဲ့ နံရံပေါ်မှာရေးထားတဲ့ ပါတီဝင်တွေရဲ့ အမည်တွေပေါ်မှာ ဝန်ကြီးချုပ်ရှင်ဖိုအာဘေးက ပန်းတပွင့်စီထိုးပြီး ဂုဏ်ပြုလိုက်ပါတယ်။ ပန်းတပွင့်ဟာ ရွေးကောက်ပွဲမှာအနိုင်ရခဲ့တဲ့ သူ့ပါတီဝင်တဦးချင်းစီကို ကိုယ်စားပြုပါတယ်။

ဝန်ကြီးချုပ် အာဘေး ရဲ့ အောင်မြင်မှုဟာ ဂျပန်ရဲ့ စီးပွားရေး ပိုပြီး အားကောင်းလာဖို့၊ စီးပွားရေးဆိုင်ရာ မူဝါဒကို အကောင်အထည်ဖော်ရာမှာ လုပ်ပိုင်ခွင့်တွေကို ပိုပြီး အားကောင်းလာအောင် အထောက်အကူ ပေးလိုက်တာ လည်းဖြစ်ပါတယ်။ ဒါပေမဲ့ မစ္စတာ အာဘေး အနေနဲ့ စီးပွားရေးကို အဓိကထားရာကနေ၊ အမျိုးသားရေးဘက်ကိုပဲ အာရုံပြောင်းပြီး ဦးစားပေး လုပ်ဆောင်သွားမလား (ဒါမှမဟုတ်) တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါလှတဲ့ အခြေခံကျတဲ့ ပြုပြင်ပြောင်းလဲမှုတွေကိုပဲ ဆက်လုပ် သွားဖို့ သူ့ပါတီကို တွန်းအားပေးနိုင်မလား ဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်နေပါတယ်။ တနင်္ဂနွေနေ့မှာပဲ သူ့ရဲ့ ပါတီရုံးချုပ်မှာ ဝန်ကြီး ချုပ် ရှင်ဇိုအာဘေးက အခုလိုပြော ခဲ့ပါတယ်။

“ကျနော်တို့ ကျင့်သုံးနေတဲ့ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး နဲ့ တည်ငြိမ်တဲ့ နိုင်ငံရေးဆိုင်ရာ မူဝါဒတွေကြောင့် ပြည်သူလူထုရဲ့ တခဲနက်ထောက်ခံမှုကို ကျနော်တို့ ရရှိခဲ့ပါပြီ။ နိုင်ငံရေးတည်ငြိမ်မှုရှိရေးဆိုတဲ့ ကျနော်တို့ရဲ့ မူဝါဒအတိုင်း ရှေ့ကို ဆက်ပြီး လုပ်ဆောင်သွားမှာပါ။”
ပထမတကြိမ် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူစဉ် ၂၀၀၇ ခုနှစ်တုန်းက အထက်လွှတ်တော်ကို လက်လွှတ်ခဲ့ရဖူးတဲ့ Liberal Democratic Party ခေါင်းဆောင် ရှင်ဇိုအာဘေး အတွက်တော့ ဒီတကြိမ်အောင်ပွဲကြောင့် အုပ်ချုပ်ရေးလုပ်ငန်းတွေမှာ အခက်အခဲ ကြီးကြီးမားမားကြုံရမယ့် အခြေအနေတွေ လျော့ပါးသွားနိုင်ပါတယ်။

ရွေးကောက်ပွဲမတိုင်ခင် ကောက်ယူရရှိခဲ့တဲ့ စစ်တမ်းတွေအရ၊ ဆန္ဒမဲပေးကြ သူတွေပိုပြီး စိတ်ဝင်စားတဲ့အချက်ကတော့ တိုင်းပြည်စီးပွားရေး ပြန်လည်ဦးမော့ လာဖို့၊ လူမှု ဖူလုံရေး၊ အခွန်ကောက်ခံမှု၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး နဲ့ နျူကလီးယားဆိုင်ရာ မူဝါဒ စတဲ့အချက်တွေပဲဖြစ်ပါတယ်။ ဆန္ဒမဲပေးသူ တဦးကတော့ အာဘေးရဲ့ စီးပွားရေးဆိုင်ရာ မူဝါဒနဲ့ ပက်သက်ပြီး အခုလို မှတ်ချက်ပေးပြောဆိုပါတယ်။

“ဂျပန်ပြည်သူတွေရဲ့ဘ၀ ပိုပြီး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အာဘေးရဲ့ စီးပွားရေးဆိုင်ရာမူဝါဒက ကြီးမားတဲ့အခန်းဏ္ဍမှာ ပါဝင်လာမယ်လို့ ကျမ မျှော်လင့်ပါတယ်။”

မစ္စတာ အာဘေး ဟာ သူ ဦးဆောင်တဲ့ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (LDP) ရဲ့ မဲဆွယ်ပွဲတွေမှာတော့ စီးပွားရေး၊ သံတမန်ရေး အားကောင်းလာစေဖို့ နဲ့ ဂျပန်နိုင်ငံရဲ့ အကျိုးစီးပွားကို အမေရိကန်နဲ့အတူ လက်တွဲကာကွယ်ဖို့၊ ကပ်ဘေးဒဏ်၊ အကြမ်းဖက်ဝါဒ နဲ့ ရာဇဝတ်မှုတွေရဲ့ အန္တရာယ်က ကာကွယ်ဖို့ ကတိပြုထားတာပါ။ ရွေးကောက်ပွဲမှာ မဲပေးခဲ့တဲ့ တခြားမဲဆန္ဒရှင်တဦးကတော့ အခုလိုပြောပါတယ်။

“စစ်ကို ကျမ မုန်းတယ်။ ငြိမ်းချမ်းတဲ့ လူမှုပတ်ဝန်းကျင်မှာ စီးပွားရေးဖွံ့ဖြိုး တိုးတက်ဖို့ လုပ်ဆောင်တဲ့နည်းကသာ အကောင်းဆုံးပဲလို့ ကျမ ထင်တယ်။”

ဝန်ကြီးချုပ် ရှင်ဇိုအာဘေးရဲ့ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီက အခုလို အထက်လွှတ်တော်ရွေးကောက်ပွဲမှာ အနိုင်ရလိုက်ပေမဲ့ နျူကလီးယား စွမ်းအင်သုံး လုပ်ငန်းတွေ အပေါ်မှာ ထောက်ခံတဲ့ LDP ပါတီရဲ့ မူဝါကတော့ လူထုကြားမှာ ရေပန်းမစားပါဘူး။

၂၀၁၁ ခုနှစ် မတ်လတုန်းက ဂျပန်နိုင်ငံဟာ ဆူနာမီရေလှိုင်းဒဏ်ခံခဲ့ ရပြီးတဲ့နောက် ပိတ်ထားခဲ့ရတဲ့ ဖူကူရှီးမားနျူးကလီးယား ဓာတ်ပေါင်းဖို ကို ပြန်ပြီးလည်ပတ်ဖို့အတွက် ဝန်ကြီးချုပ် အာဘေးရဲ့ အစိုးရက စီစဉ်နေတာပါ။ ဂျပန်လူမျိုးတချို့ကတော့ အာဘေး အစိုးရအနေနဲ့ နျူကလီးယား စွမ်းအင်သုံး လုပ်ငန်းတွေကို စွန့်လွှတ်မယ်လို့ မျှော်လင့်တဲ့အကြောင်း ပြောပါ တယ်။ ပြီးတော့ LDP ပါတီဟာ စီးပွားရေးဆိုင် ရာမူဝါဒနဲ့ပက်သက်ပြီး ဆွေးနွေး မှုတွေကို လိုတာထက်ပိုပြီး အချိန်ကုန်ခံနေပြီးတော့၊ တခြားအာရုံစိုက် လုပ်ဆောင်စရာ ကိစ္စတွေ အများကြီးရှိသေးတယ်လို့လည်း မဲဆန္ဒရှင်တချို့ က ပြောပါတယ်။

“အာဘေးရဲ့ စီးပွားရေးမူဝါဒဆိုင်ရာ ကိစ္စအပေါ်မှာအခြေခံပြီး ဆွေးနွေးကြတာက လွဲလို့ ကျန်တဲ့ကိစ္စတွေအားလုံးက ဆွေးနွေးပွဲတွေမှာ ပျောက်နေပါတယ်။ တခြားကိစ္စတွေအပေါ် အခြေခံပြီး ဆွေးနွေးတာတွေက တော်တော်လေး ကို မှေးမှိန်နေတာပါ။ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ နဲ့ New Komeito Party တို့သာ ရွေးကောက်ပွဲမှာ အများဆုံးအနိုင်ရခဲ့မယ်ဆိုရင် စီးပွားရေးကိစ္စက လွဲလို့ တခြားဘယ်လိုကိစ္စတွေကို အဓိက ထားမလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိရပါဘူး။ အခုလို ဖြစ်နေတာ နဲ့ ပက်သက်ပြီး ကျနော့် အနေနဲ့ နည်းနည်းတော့ စိတ်ကသိကအောင့် ဖြစ်ရတယ်ပေါ့ဗျာ။” - လို့ မဲဆန္ဒရှင်တဦးက ပြောပါတယ်။

ဂျပန်နိုင်ငံရဲ့လွှတ်တော် ၂ ရပ်လုံးကို ထိန်းချုပ်နိုင်တဲ့အခါ LDP ပါတီက နှစ်ပေါင်းများစွာ လိုလားနေတဲ့ အခြေခံဥပဒေပြင်ဆင်ရေး အစီအစဉ်တွေလည်း ပေါက်ပေါက်လာနိုင် တယ်ဆိုပြီး လေ့လာသူတချို့က သုံးသပ်ကြပါတယ်။ ဒုတိယကမ္ဘာစစ်ပြီးချိန်မှာ အမေရိကန်က မူကြမ်းရေးဆွဲခဲ့တဲ့ အခြေခံဥပဒေကို ပြင်ဆင်ဖို့အတွက်ကိုတော့ အာဏာရ ပါတီက ၁၉၅၀ ပြည့် လွန်နှစ်တွေကတည်းက ဆွေးနွေးနေကြတာဖြစ်ပြီး နောက်ဆုံးအကြိမ်ကတော့ ဧပြီလမှာပါ။ အထူးသဖြင့် စစ်ဝါဒကို ဆန့်ကျင်ကြောင်း ကြေညာထားရတဲ့ အခြေခံဥပဒေအပိုဒ် (၉) အရ နိုင်ငံတကာ နဲ့ အငြင်းပွားမှုတွေမှာ စစ်အင်အား မသုံးဖို့နဲ့ ခုခံကာကွယ်ဖို့အတွက်သာ ခွင့်ပြုထားတာကို လိုလားနေတာဖြစ် ပါတယ်။

တဆက်တည်းမှာပဲ တောင်တရုတ်ပင်လယ်အတွင်း ဂျပန် နဲ့ တရုတ် နှစ်နိုင်ငံ သူပိုင်ကိုယ်ပိုင် အငြင်းပွားနေတဲ့ ကျွန်းစုတွေပိုင်ဆိုင်မှု ပြဿနာနဲ့ ပက်သက်ပြီးတော့ ဝန်ကြီးချုပ် အာဘေးအစိုးရအနေနဲ့ သူရဲ့ ဒုတိယ အစိုးရသက်တမ်းအတွင်း ဘယ်လို ကိုင်တွယ်ဖြေရှင်းသွားမလဲ ဆိုပြီးတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်နေတာ ဖြစ်ပါတယ်။
XS
SM
MD
LG