သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံခရီးစဉ် စတင်


ဂျပန်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံခရီးစဉ် စတင်
ဂျပန်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံခရီးစဉ် စတင်

ဆယ်နှစ်နီးပါးကြာ ကာလအတွင်း မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် သွားရောက်တာဖြစ်တဲ့ ဂျပန်နိုင်ငံခြားရေး ဝန်ကြီးရဲ့ ခရီးစဉ်ကို ဒီကနေ့မှာ စတင်လိုက်ပါပြီ။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးရဲ့ အခုခရီးစဉ်အတွင်းမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံသွားဖို့ရှိသလို မြန်မာနိုင်ငံကို အကူအညီ ပေးရေးကိစ္စတွေနဲ့ နှစ်နိုင်ငံကြား စီးပွားရေး ရင်းနှီးမြှုပ်နှံမှု ကိစ္စတွေကိုလည်း ဆွေးနွေးသွားဖို့ ရှိတယ်လို့ သတင်းတွေမှာ ဖော်ပြနေပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုရန်နိုင်က တင်ပြထားပါတယ်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကိုအီချီယို ဂမ်ဘာ (Koichio Gamba) ရဲ့ မြန်မာနိုင်ငံခရီးစဉ်ကို ဒီကနေ့ တနင်္ဂနွေနေ့မှာ စတင်လိုက်တာဖြစ်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ အစိုးရသစ်တက်လာက်ပြီးတဲ့နောက် ဂျပန်နိုင်ငံခြားရေးဝန်ကြီးတစ်ဦး မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် သွားရောက်ခဲ့တာဖြစ်သလို လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုနီးပါးအတွင်း ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီး တစ်ဦးအနေနဲ့ မြန်မာနိုင်ငံကို နောက်ဆုံးအကြိမ် သွားခဲ့တာကတော့ လွန်ခဲ့တဲ့ ၂၀၀၂ ခုနှစ်က ဖြစ်ပါတယ်။ ဂျပန် နိုင်ငံခြားရေးဝန်ကြီး ဂမ်ဘာဟာ ဒီခရီးစဉ်အတွင်းမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ လည်း တွေ့ဆုံမှာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးခွန်သာမြင့်က ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျပန်ဝန်ကြီးက မနက်ဖြန်ညနေ ၅ နာရီခွဲမှာ၊ မနက်ဖြန်ဆိုတော့ ၂၆ ရက်နေ့ ပေါ့နော်၊ ညနေ ၅ နာရီခွဲမှာ ဒေါ်အောင်ဆန်းစုကြည်အိမ်ကို ဂျပန်ဝန်ကြီး လာတွေ့ပါလိမ့်မယ်။ ပြီးတော့ သူတို့ press နဲ့ statement လေးတွေ ပေးပါလိမ့်မယ်။ နှစ်မိနှစ်စာ သုံးမိနစ်စာအထိ ရှိလိမ့်မယ်ထင်ပါတယ်။”

ဒါ့အပြင် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂမ်ဘာဟာ သမ္မတဦးသိန်းစိန် အပါအဝင် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် နဲ့ တခြား မြန်မာအစိုးရ ထိပ်တန်း တာဝန်ရှိသူတွေနဲ့လည်း နေပြည်တော်မှာ တွေ့ဆုံသွားမှာဖြစ်ပါတယ်။ အဲဒီတွေ့ဆုံတဲ့အခါကျရင် ဂျပန်နိုင်ငံကနေ မြန်မာနိုင်ငံကို ပေးနေတဲ့ ဖွံ့ဖြိုးတိုးတက်ရေး အကူအညီတွေ ပေးရေးကိစ္စတွေကို ဆွေးနွေးပြောဆိုသွားဖို့ရှိသလို နှစ်နိုင်ငံကြား ရင်းနှီးမြှုပ်နှံမှု စာချုပ်ကိစ္စတွေကိုလည်း ထည့်သွင်း ပြောဆိုသွားဖို့ရှိတယ်လို့ အမည်မဖော်လိုတဲ့ ဂျပန်အစိုးရ တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး ကျိုဒို သတင်းအေဂျင်စီက ဖော်ပြပါတယ်။

ဂျပန်အစိုးရ ထိပ်တန်းတာဝန်ရှိသူတစ်ဦး မြန်မာနိုင်ငံကို ဆယ်စုနှစ်တစ်ခုကြာ ကာလအတွင်း အခုလို ပထမဆုံးအကြိမ် သွားရောက်တာဟာ မြန်မာအစိုးရသစ်လက်ထက်မှာ ပြုပြင်ပြောင်းလဲမှုတွေ စတင် ဖော်ဆောင်လာတွေကြောင့် ဖြစ်ပြီး အစိုးရသစ်ရဲ့ ပြုပြင်ပြောင်းလဲရေး ခြေလှမ်းတွေကို အားပေးဖို့အတွက် ဖြစ်တယ်လို့ သတင်းတွေက ဆိုနေကြပါတယ်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးရဲ့ ဒီခရီးစဉ်အပေါ်မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ ဂျပန်ဌာနခွဲရဲ့ အထွေထွေအတွင်းရေးမှူး ဦးသောင်းမြင့်ဦးက -

“ကျနော်တို့အနေနဲ့ကတော့ သဘောကျတယ်။ ထောက်ခံတယ်။ ထောက်ခံတယ်ဆိုတာက ကျနော်တို့ မြန်မာပြည်မှာ ဒီမိုကရေစီအပြောင်းအလဲ ဖြစ်နေပြီလို့ ယူဆရတဲ့အချိန်မှာ နိုင်ငံတကာက အကူအညီပေးဖို့ ကိစ္စရော၊ ဒီမိုကရေစီရေးရောပေါ့လေ။ ကျနော်တို့ နိုင်ငံ ပြန်လည် ဖွံ့ဖြိုးဖို့အတွက်ရော၊ နိုင်ငံတကာတန်းဝင် နိုင်ငံတစ်ခုဖြစ်အောင် လုပ်ဖို့အတွက်က နိုင်ငံတကာက တာဝန်ရှိသူတွေ မြန်မာပြည်ကိုသွားပြီးတော့ ကိုယ်တိုင်ကိုယ်ကျ လေ့လာတယ်။ ပြုပြင်ပြောင်းလဲရေး အနေအထားတွေကို တွေ့တယ်။ နောက်ပြီးတော့ ကျနော်တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD နဲ့လည်း တွေ့တယ်၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့လည်း တွေ့တယ်ဆိုလို့ရှိရင် သူတို့အနေနဲ့လည်း မြန်မာပြည်ရဲ့ ပြဿနာကို ဘယ်လို အကူအညီပေးရမလဲ။ ဘယ်လို ပူးပေါင်း ဆောင်ရွက်ရမလဲ ဆိုတဲ့ဟာကို ကိုယ်တိုင်ကိုယ်ကျ မြင်ရတာ ဖြစ်တဲ့အတွက် ကျနော်တို့အနေနဲ့ကတော့ သွားတဲ့ဟာကို ထောက်လည်း ထောက်ခံတယ်။ အားလည်းအားရတယ်။”

ဒါ့အပြင် မစ္စတာ ဂမ်ဘာရဲ့ အခုခရီးစဉ်က မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက်သာမက ဒီမိုကရေစီရေးအတွက်လည်း အကျိုးရှိစေမှာဖြစ်တယ်လို့ ဦးသောင်းမြင့်ဦးက ပြောပါတယ်။

“ကျနော်တို့ကတော့ အများကြီး အကျိုးရှိတယ်လို့ ယူဆတယ်။ အထူးသဖြင့် ဂျပန်လို အင်အားကြီး နိုင်ငံတွေထဲမှာ ပါဝင်တဲ့ ထိပ်တန်းနိုင်ငံ ဂျပန်နိုင်ငံကနေပြီးတော့ ကျနော်တို့ မြန်မာပြည် ဒီမိုကရေစီ အပြောင်းအလဲ အတွက်ကို သွားတယ်ဆိုတဲ့ဟာက ကျနော်တို့ ဒီမိုကရေစီရေးအတွက်လည်း တွန်းအားပေးတဲ့ကိစ္စတွေ ဖြစ်ပေါ်လာလိမ့်မယ်လို့လည်း ယူဆလို့ရသလို နောက်ပိုင်း ပြန်လည် ထူထောင်ရေးမှာလည်း သူတို့အနေနဲ့ ကူညီထောက်ပံ့မှုတွေ လုပ်ကိုင်ဆောင်ရွက် ပေးနိုင်မယ်လို့လည်း ယူဆလို့ရတယ်။ ဒီအတွက် ကျနော့်အနေနဲ့ကတော့ သဘောကျပါတယ်။”

အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ အရေးယူဒဏ်ခတ် ပိတ်ဆို့မှုတွေကို လုပ်ခဲ့ပေမဲ့လည်း ဂျပန်နိုင်ငံကတော့ မြန်မာနိုင်ငံကို လူသားချင်းစာနာတဲ့ အကူအညီတွေနဲ့ အရေးပေါ်လိုအပ်တဲ့ အကူအညီတွေကို နှစ်စဉ် ပေးနေတာဖြစ်ပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၀၃ ခုနှစ်မှာ နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးထောင်ချ လိုက်ပြီးတဲ့နောက်ကစပြီး မြန်မာနိုင်ငံကို ပေးနေတဲ့ ဂျပန်နိုင်ငံရဲ့ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး အကူအညီတွေကိုတော့ ရပ်တန့်ခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG