သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြဿနာ မြန်မာဒီမိုကရေစီပြောင်းလဲရေးအတွက် အခရာကျဟု ဂျပန်ဝန်ကြီးပြော


ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာရို ကိုနိုနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သတင်းစာရှင်းလင်းပွဲ (Myanmar State Counsellor Office)
ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာရို ကိုနိုနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သတင်းစာရှင်းလင်းပွဲ (Myanmar State Counsellor Office)

ရခိုင်ပြည်ရဲ့ ငြိမ်းချမ်းမှုနဲ့ တည်ငြိမ်အေးချမ်းမှုဟာ မြန်မာပြည်ရဲ့ ဒီမိုကရေနိုင်ငံ ထူထောင်ရေး အောင်မြင်စေဖို့အတွက် အလွန့်အလွန် အရေးကြီးတယ်လို့ ယူဆကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မှာ ကျင်းပတဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲအတွင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာရို ကိုနိုကပြောပါတယ်။ ရခိုင်ပြည်က တဖက်နိုင်ငံကို ထွက်ခွာသွားကြသူများ ပြန်လည် လက်ခံရေးကိစ္စအပါအဝင် ကိစ္စရပ် အတော်အများများကို ဒီကနေ့ ဆွေးနွေးခဲ့ကြတာမှာ အသစ်ဖွဲ့စည်းလိုက်တဲ့ ရခိုင်အရေး လွတ်လပ်သော စုံစမ်း စစ်ဆေးရေးကော်မရှင်ကို လုပ်ပိုင်ခွင့်တွေ ကျယ်ကျယ်ပြန့်ပြန့်ပေးထားကြောင်း ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြောကြားခဲ့ပါတယ်။ နေပြည်တော်မှာ ကျင်းပတဲ့ ဝန်ကြီး ၂ ဦးရဲ့ သတင်းစာရှင်းလင်းပွဲအကြောင်း ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါတယ်။

မြန်မာနိုင်ငံကို တရက်ကြာ ခရီးစဉ်အဖြစ် ရောက်လာတဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာရို ကိုနိုနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံပြီး ရခိုင်ပြည်အရေး၊ ရခိုင်ပြည်ကနေ ထွက်ပြေးသွားကြတဲ့ ဒုက္ခသည်တွေ ပြန်လက်ခံ၊ နေရာချထားရေး ကိစ္စတွေ အပါအဝင် ဂျပန်နိုင်ငံရဲ့ အကူအညီနဲ့ အကောင်အထည်ဖော်နေတဲ့ မြို့ပတ်ရထားလမ်း အဆင့်မြင့်တင်ရေး၊ ရန်ကုန်မြို့တွင်း လျှပ်စစ်မီး အလုံအလောက် ရရှိရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ရေဘေး ဒုက္ခသည်တွေကို အကူအညီပေးရေး စတဲ့ အကြောင်းအရာ အတော်များများကို ဆွေးနွေးခဲ့ကြတာပါ။

တွေ့ဆုံမှုအပြီး နေပြည်တော်မှာ ဒီကနေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ရခိုင်ပြည်နယ်ကိစ္စက လွမ်းမိုးခဲ့ပါတယ်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာရို ကိုနိုကတော့ ရခိုင်ပြည် တည်ငြိမ် အေးချမ်းရေးဟာ မြန်မာပြည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် အရေးကြီးတဲ့ ကိစ္စရပ်ဖြစ်ကြောင်း ဘာသာပြန်ကတဆင့် အခုလို ပြောကြားခဲ့ပါတယ်။

“ရခိုင်ပြည်နယ်ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး တန်ဖိုးရှိတဲ့ အမြင်ချင်းဖလှယ်မှုတွေကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ရခိုင်ပြည်ရဲ့ ငြိမ်းချမ်းမှုနဲ့ တည်ငြိမ်အေးချမ်းမှုဟာ မြန်မာပြည်ရဲ့ ဒီမိုကရေနိုင်ငံ ထူထောင်ရေး အောင်မြင်စေဖို့အတွက် အလွန့်အလွန် အရေးကြီးတယ်လို့ ယူဆပါတယ်။ မြန်မာအစိုးရက လွတ်လပ်တဲ့ စုံစမ်း စစ်ဆေးရေးကော်မရှင် ဖွဲ့စည်းမှု၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ MoU လက်မှတ်ရေးတာ စတဲ့ မြန်မာအစိုးရရဲ့ ဆောင်ရွက်ချက်တွေကို ဂျပန်အစိုးရက တန်ဖိုးထားပါတယ်။”

ဒီဆောင်ရွက်ချက်တွေကို အခြေခံပြီး လွတ်လပ်တဲ့ စုံစမ်း စစ်ဆေးရေးကော်မရှင်အနေနဲ့ ပွင့်လင်း မြင်သာမှုရှိတဲ့ စုံစမ်း စစ်ဆေးမှုကို ဆောင်ရွက်နိုင်ဖို့ ပူးပေါင်း ဆောင်ရွက်ရေးကို လုပ်ပေးသွားဖို့၊ ဒုက္ခသည်တွေ ပြန်လည် နေရာချထားရေးအတွက် နေရာ ဖန်တီးပေးဖို့၊ ပြည်တွင်းက IDP ဒုက္ခသည်တွေ ပြန်လည် နေရာ ချထားရေးအတွက်လည်း ပိုမိုဆောင်ရွက်ပေးဖို့ တိုက်တွန်း ပြောကြား ခဲ့ကြောင်းလည်း ဝန်ကြီး ကိုနိုက ပူးတွဲ သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ရခိုင်ပြည်ကိစ္စတွေ ဖြေရှင်းရေးအတွက် မြန်မာပြည်သူ ပြည်သားတွေနဲ့ လက်တွဲပြီးတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ စဉ်းစား သုံးသပ်ပြီး ဆောင်ရွက်မှာ ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာ ထောက်ထားမှု အကူအညီ ပေးရုံတင်မကဘဲ ပြည်နယ်တခုလုံး ဆင်းရဲ နွမ်းပါးမှု လျော့ချရေးအတွက်လည်း ဆောင်ရွက်ဖို့ လိုအပ်ကြောင်း ဝန်ကြီး ကိုနိုက ပြောကြားခဲ့ပါတယ်။

ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးကိစ္စ ပြောဆို ဆွေးနွေးမှုတွေ ရှိနေတဲ့အချိန်မှာဘဲ ရိုဟင်ဂျာတွေကို နိုင်ငံသားအခွင့်အရေး ပေးရေးကိစ္စနဲ့ ပတ်သက်လို့ ပြည်တွင်းရော၊ ပြည်ပကပါ ဝေဖန် ပြောဆိုမှုတွေ ရှိနေတဲ့အပေါ် ဂျပန်အခြေစိုက် ယိုမီယိုရီ သတင်းထောက်က မေးတာမှာတော့ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြန်လည် ဖြေကြားခဲ့ပါတယ်။

“မေးသွားတဲ့ မေးခွန်းဟာဆိုလို့ရှိရင် ရေတိုကိစ္စတွေနဲ့ ရေရှည်ကိစ္စတွေ နှစ်ခုရောပြီး မေးသွားတာ ဖြစ်ပါတယ်။ အဲဒီဟာတွေ ဆိုလို့ရှိရင် ဒေါက်တာ ကိုဖီ အာနန်ရဲ့ အစီရင်ခံစာကို ကြည့်လိုက်လို့ရှိရင် နှစ်ခုစလုံးကို ကိုင်တွယ်ထားတယ်ဆိုတာ ပါပါတယ်။ ဥပမာ ဆိုလို့ရှိရင်၊ နိုင်ငံသားဖြစ်ရေးဆိုတာ ရေရှည်ကိစ္စပါ။ ပြီးတော့ ဒေါက်တာ ကိုဖီ အာနန်ရဲ့ ကော်မရှင်က (၈၈) ချက် အဆိုပြုထားပါတယ်။ အဲဒီအထဲမှာ ဆိုရင် ကျမတို့အနနဲ့ (၈၁) ကို ပူးပေါင်းဆောင်ရွက် အကောင်အထည်ဖော်လို့ ပြီးသွားပါပြီ။ ကျန်တဲ့ ၆ ချက်၊ ၇ ရက်က အစကတည်းက ကော်မရှင်ကနေပြီးတော့ အစီရင်ခံစာ ထုတ်ထားကတည်းက တချို့ကိစ္စတွေက ရေရှည်ကိစ္စတွေမို့လို့ တလှမ်းခြင်း၊ တလှမ်းခြင်း လုပ်ရမယ်ဆိုတာ ကျမတို့ ပြောထားပြီးသား ဖြစ်ပါတယ်။ ဒီအတိုင်းဘဲ ကျမတို့ တလှမ်းခြင်း၊ တလှမ်းခြင်း လုပ်ရမှာပါ။ နိုင်ငံ တနိုင်ငံရဲ့ နိုင်ငံသား ဥပဒေဆိုတာလည်း တလှမ်းခြင်း၊ တလှမ်းခြင်း လုပ်ရမယ့်ကိစ္စပါ။ ဒီတော့ ကျမတို့ဟာ ရေရှည်အတွက် ဘာလုပ်ရမလဲဆိုတာ အရင် ဘာမှ ဒီပြဿနာတွေ မဖြစ်ခင် ၂၀၁၆ ခုနှစ်၊ ကျမတို့အစိုးရ တက်ပြီးကတည်းက မေလမှာစပြီးတော့ ရခိုင်ပြည် တရားဥပဒေ စိုးမိုးရေးနဲ့ ဖွံ့ဖြိုးရေးအတွက်ဆိုပြီးတော့ ကျမတို့ ဗဟိုကော်မီတီတခု ဖွဲ့ပါတယ်။ အဲဒီ ဗဟိုကော်မီတီဟာ ကျမတို့ ရခိုင်ရဲ့ ရေရှည်ပြဿနာတွေ ဖြေရှင်းရေးကို လိုတယ်ဆိုတာကို သဘောပေါက်လို့ ဖွဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီကော်မရှင်က ကျမတို့ ဗဟိုကော်မီတီက အလုပ်မစနိုင်ခင် ပထမဦးဆုံး အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်လာပြီးတော့ တခြားကိစ္စတွေ ပေါ်လာတာ ဖြစ်ပါတယ်။”

ဇူလိုင်လ ၃၀ ရက်နေ့မှာ ဖွဲ့လိုက်တဲ့ ရခိုင်အရေး လွတ်လပ်တဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို လုပ်ပိုင်ခွင့်တွေ ကျယ်ကျယ်ပြန့်ပြန့် ပေးထားကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ဆက်ပြောခဲ့ပါတယ်။

“ကျမတို့အခု စုံစမ်းစစ်ဆေးရေး ကော်မရှင်အနေနဲ့တော့ သူတို့ရဲ့ လုပ်ပိုင်ခွင့်တွေကို ကျမတို့ ကျယ်ကျယ်ပြန့်ပြန့် ပေးထားမှာပါ။ စုံစမ်း စစ်ဆေးရေးထဲမှာပါတဲ့ အဖွဲ့ဝင်များကလည်း အရည်အချင်း ပြည့်စုံတယ်လို့ ကျမတို့ ထင်ပါတယ်။ ဂျပန်နိုင်ငံရော၊ တခြားပေါ့နော်၊ မိတ်ဆွေ နိုင်ငံများက လိုအပ်လို့ရှိရင်တော့ နည်းပညာပိုင်းဆိုင်ရာ အထောက်အကူတွေ ပေးလိမ့်မယ်လို့ ကျမတို့ မျှော်လင့်ပါတယ်။”

အခုနှစ် အောက်တိုဘာလ ၉ ရက်နေ့မှာ မဲခေါင်ရပ်ဝန်းဒေသ ထိပ်သီးစည်းဝေးပွဲကို ဂျပန်နိုင်ငံ၊ တိုကျိုမှာ ကျင်းပဖို့ ရှိတာမှာ ဒေါ်အောင်ဆန်းစုကြည်က အဲဒီ ထိပ်သီးစည်းဝေးပွဲကို တက်မယ့်အကြောင်း သတင်းစာရှင်းလင်းပွဲအတွင်းမှာဘဲ ပြောကြားခဲပါတယ်။

အဲဒီ ထိပ်သီး စည်းဝေးပွဲအတွင်း ဂျပန်နဲ့ မဲခေါင်ရပ်ဝန်းဒေသက နိုင်ငံတွေအကြား ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုး တိုးတက်ရေးကိစ္စတွေကို ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ပြည်တွင်း သတင်းထောက်တွေက မေးခွန်း ၂ ခုနဲ့ ဂျပန်နိုင်ငံက သတင်းထောက်တွေက မေးခွန်း ၂ ခုစီသာ မေးခွင့် ရခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG