သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်နိုင်ငံခြားရေးဝန်ကြီး မြန်မာခေါင်းဆောင်တွေနဲ့တွေ့မည်


ဂျပန်နိုင်ငံခြားရေးဝန်ကြီး Fumio Kishida ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သို့ ဒီကနေ့ညရောက်ရှိ (MOI)
ဂျပန်နိုင်ငံခြားရေးဝန်ကြီး Fumio Kishida ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သို့ ဒီကနေ့ညရောက်ရှိ (MOI)

မြန်မာ အစိုးရသစ် လက်ထက် ပထမဆုံး ခရီးစဉ် အဖြစ် ဂျပန် နိုင်ငံခြားရေး ဝန်ကြီး ဒီကနေ့ မြန်မာနိုင်ငံကို ရောက်ရှိပြီးခရီးစဉ် အတွင်း သမ္မတ၊ နိုင်ငံခြားရေး ဝန်ကြီး၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့နဲ့ တွေ့ဆုံမှာပါ။ မြန်မာ အစိုးရသစ်က အလေးထား လုပ်ဆောင်တဲ့ အလုပ်အကိုင် အခွင့်အလမ်းဖန်တီရေး အပါအဝင် တခြား လူမှုဖွံ့ဖြိုးရေး လုပ်ငန်းတွေ ကို ဂျပန်ဘက်က အစွမ်းကုန် ကူညီမယ်လို့လည်း ခရီးစဉ် မတိုင်ခင်မှာ ဂျပန် နိုင်ငံခြားရေး ဝန်ကြီးက ပြောဆိုထားတာကြောင့် အစိုးရသစ် လက်ထက် ဂျပန် ရဲ့ ရင်းနှီးမြှုပ်နှံမှု တိုးတက်လာဖို့ကိုလည်း မျှော်လင့်ကြပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဦးဆောင်တဲ့ မြန်မာ အစိုးရသစ် လက်ထက်မှာ ပထမဆုံး ခရီးစဉ် အဖြစ် ဂျပန် နိုင်ငံခြားရေး ဝန်ကြီး Fumio Kishida ဟာ မြန်မာနိုင်ငံ ခရီးစဉ်ကို ဒီကနေ့ စတင်ပါတယ်။ နှစ်ရက်ကြာ ခရီးစဉ် အတွင်း နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးရဲ့ ပြန်ကြားရေးနဲ့ ယဉ်ကျေးမှု ဌာနက ဒေါ်ဝတ်ရည်စိုးက အခုလို ပြောပါတယ်။

“ဒီနေ့ ညနေနှောင်းပိုင်းမှာ ဂျပန် နိုင်ငံခြားရေး ဝန်ကြီးရောက်ပါမယ်။ နေပြည်တော်ကိုပေါ့။ နေပြည်တော် ၇ နာရီရောက်မှာပေါ့အမရယ်။ မနက်ဖြန်ကတော့ ကျမတို့ အကြမ်းဖျဉ်းပဲပြောလို့ရမယ်။ မနက်ဖြန်မှာ Call ၃ ခုရှိပါတယ်။ မနက် ၉ နာရီခွဲမှာ MOFA (နိုင်ငံခြားရေး ဝန်ကြီးဌာန) မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ပါမယ်။ ပြီးတော့ အဲဒီမှာပဲ သတင်းစာရှင်းလင်းပွဲရှိလိမ့်မယ်ထင်တယ်။ နောက်တခါ ၁၁ နာရီမှာ သမ္မတကြီး ဦးထင်ကျော်နဲ့တွေ့ပါမယ်။ နောက်တခါ ၂ နာရီခွဲမှာ ကာချုပ်နဲ့တွေ့ပါမယ်ရှင့်။ မနက်ဖြန်ညနေပဲ ပြန်ပါမယ်ရှင့်။”

ဂျပန်နိုင်ငံခြားရေး ဝန်ကြီး Fumio Kishida က မြန်မာနိုင်ငံ ခရီးစဉ် မတိုင်ခင်မှာ နိုင်ငံပိုင် သတင်းစာနဲ့ တွေ့ဆုံမေးမြန်းခန်းမှာတော့ မြန်မာ အစိုးရသစ်က အလေးထားတဲ့ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးရေး အပါအဝင် လူမှုဖွံ့ဖြိုးရေး လုပ်ငန်းတွေကို အစွမ်းကုန် ထောက်ပံ့ကူညီမယ်လို့ ဖြေကြားခဲ့တာပါ။ မြန်မာ အစိုးရသစ် လက်ထက်မှာ ဂျပန်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်ဝင်ရောက်လာမယ့် အလားအလာကတော့ လက်ရှိ သီလဝါ စက်မှုဇုန်မှာ စက်ရုံတွေ ဝင်လာမလားဆိုတဲ့ မျှော်လင့်ချက် တခုသာ ရှိနေသေးပြီး တခြား သိသာတဲ့ ရင်းနှီးမြှုပ်နှံမှုတွေတော့ မတွေ့ရသေးတဲ့ အကြောင်း မြန်မာ့ စီးပွားရေး လုပ်ငန်းရှင်ကြီး တဦး ဖြစ်တဲ့ ဒေါက်တာ စိုးထွန်းက ပြောပါတယ်။အရင် အစိုးရလက်ထက်က သီလဝါ စက်မှုဇုန် အဖြစ် အခြေခံ အဆောက်အဦးပိုင်းသာ တည်ဆောက်ထားနိုင်တာ ဖြစ်ပြီး လက်တွေ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကတော့ ပြောလောက် ဆိုလောက် မရှိသေးပါဘူး။ တကယ်လို့ ဂျပန်ဘက်က စက်ရုံတွေသာ ရင်းနှီးမြှုပ်နှံလာမယ်ဆိုရင်တော့ အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးတက် ဖန်တီးပေးနိုင်မယ့် အလားအလာ ရှိပါတယ်လို့လည်း ဒေါက်တာ စိုးထွန်းက ရှုမြင်ပါတယ်။

“စက်မှုဇုံတခုမှာ တကယ်တန်းက သူ့အပြည့်ပေါ့နော် စက်ရုံ ၃၀၀၊ ၄၀၀ လောက် တည်လာမယ်ဆိုရင်တော့ အလုပ်အကိုင်အခွင့်အလမ်းအတွက်ကလည်း ဥပမာ တရုံကို ဆိုပါစို့ကျနော်တို့က ၁၀၀ ပဲလိုတယ်ဆိုရင် ၊ စက်ရုံ ၁၀၀ ဆိုတော့ အကြမ်းဖျဉ်း ထောင်ချီ သောင်းချီပြီးတော့ လိုအပ်လာမယ့်အနေအထားလေးဖြစ်လာနိုင်တယ်။ တချို့ဥပဒေလေးတွေကလည်း ပြန်ပြင်ဖို့ ၊ Modified လုပ်ဖို့ လိုမယ်လို့ထင်တယ်။ အခြေခံတော့ ကျနော်တို့ ဥပဒေပိုင်းကို ခိုင်မာဖို့ လိုတာပေါ့နော်။ဂျပန်တွေကတော့ သူတို့အနေနဲ့ ဒါ အလုပ်တခုလုပ်မယ်ဆိုရင် နည်းနည်းလေး စေ့စပ် တယ်ပေါ့နော်။ ကျန်တဲ့တိုင်းပြည်ထက်စာရင်။ ဒီ တရုတ် China တို့ဘာတို့ထက်စာရင် သူကပိုပြီးတော့ နည်းနည်းလေး စေ့စပ်တဲ့အတွက်ကြောင့်မို့လို့ ဒီဥပဒေပိုင်း ၊ Policy (မူဝါဒ) အပိုင်းကို ပီပြင်ဖို့လိုတယ်လို့ ကျနော်တို့ မြင်ပါတယ်။ အဲဒီနောက်ဆက်တွဲမှပဲ သူတို့ဝင်လာမယ်လို့မြင်ပါတယ်။”

ဒါပေမယ့် မြန်မာနိုင်ငံ အနေနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို စွဲဆောင်နိုင်ဖို့ ဒေသတွင်း နိုင်ငံတွေနဲ့ ယှဉ်ပြိုင်နိုင်မှု မရှိသေးဘူးလို့လည်း ထောက်ပြပါတယ်။ လမ်းပန်းဆက်သွယ်ရေး၊ ငွေကြေး ဝန်ဆောင်မှု စနစ်၊ အခြေခံ အဆောက်အဦး စတာတွေမှာ မြန်မာနိုင်ငံဟာ ဒေသတွင်း နိမ့်ကျနေဆဲ ဖြစ်ပါတယ်။ မြန်မာ အစိုးရသစ် လက်ထက်မှာ မြန်မာ့ လယ်ယာ လုပ်ငန်းဘက်မှာလည်း ဂျပန်ရဲ့ ရင်းနှီးမြှုပ်နှံမှု လက်တွေ့ ဝင်ရောက်လာဖို့ မျှော်လင့်တဲ့ အကြောင်းလည်း သူက ပြောပါတယ်။

“လယ်ယာစိုက်ပျိုးရေး ကဏ္ဍမှာတော့ တချို့ကိစ္စတွေဝင်လာတာရှိတယ်ပေါ့နော်။ ဆိုပါတော့ နမူနာလေး တခုဆိုရင် မစ်ဆူဘီရှီနဲ့ လက်မှတ်ထိုးတားတယ်။ သို့သော်လည်း လက်မှတ်က MOU သာထိုးထားတာ တကယ့် ဒီ Cash Flow နဲ့ ရင်းနှီးမြုပ်နှံမှုက မလာသေးဘူးပေါ့နော်။ ကျနော်ထင်တာ ဒီအစိုးရသစ်လက်ထက်မှာတော့ အစိုးရအပေါ် တကယ်ယုံကြည်မှုရှိလာရင်တော့ တကယ်ဝင်လာမယ်လို့တော့ မျှော်လင့်တာပေါ့နော်။ လယ်ယာစိုက်ပျိုးရေး ကဏ္ဍမှာ နောက် ဓါတ်မြေသြဇာ စက်ရုံဆောက်ဖို့ MOU ထိုးတဲ့ကိစ္စတွေရှိတယ်ပေါ့နော်။ ဒါပေမယ့် လောလောဆယ်အများကြီးဝင်တာတော့ သိပ်မတွေ့သေးဘူး။ ဆိုတော့ အစိုးရသစ်လက်ထက်မှာ ပိုပြီးတော့ ဝင်လာမယ်လို့တော့ မျှော်လင့်ပါတယ်။”

ဂျပန်နိုင်ငံခြားရေး ဝန်ကြီး Fumio Kishida ဟာ နိုင်ငံခြားရေး ဝန်ကြီး အဖြစ် မြန်မာနိုင်ငံကို လာရောက်တာဟာ အခု တတိယ အကြိမ်လည်း ဖြစ်ပါတယ်။ အခု ခရီးစဉ်ကတော့ ဂျပန်နိုင်ငံခြားရေး ဝန်ကြီးရဲ့ ဧပြီလ ၂၉ ရက်နေ့ကနေ မေလ ၆ ရက်နေ့ အထိ အာရှ ၅ နိုင်ငံ ခရီးစဉ် အဖြစ် တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ကို သွားရောက်ပြီးနောက် အခု မြန်မာနိုင်ငံကို ဝင်ရောက်တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကနေ တဆင့် လာအိုနဲ့ ဗီယက်နမ် နိုင်ငံတို့ထံကို ခရီးဆက်မယ်လို့လည်း ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG