သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Kenji Goto အသတ်ခံရမှု ဝေဖန် တံ့ုပြန်


သတင်းထောက် ကင်ဂျီဂိုတို အသတ်ခံရကြောင်း ဗွီဒီယိုထွက်ပြီးနောက် အမျိုးသမီးတဦးက "ရန်သူမမွေးပါနဲ့"လို့ အဓိပ္ပာယ်ပါ စာတန်းနဲ့ ကင်ဂျီ့ဓာတ်ပုံပါ ပိုစတာကိုင်ဆောင်ပြီး ဝန်ကြီးချုပ်ရဲ့နေအိမ်ရှေ့မှာ သွားရပ်နေစဉ်။ (ဖေဖော်ဝါရီ ၁၊ ၂၀၁၅)
သတင်းထောက် ကင်ဂျီဂိုတို အသတ်ခံရကြောင်း ဗွီဒီယိုထွက်ပြီးနောက် အမျိုးသမီးတဦးက "ရန်သူမမွေးပါနဲ့"လို့ အဓိပ္ပာယ်ပါ စာတန်းနဲ့ ကင်ဂျီ့ဓာတ်ပုံပါ ပိုစတာကိုင်ဆောင်ပြီး ဝန်ကြီးချုပ်ရဲ့နေအိမ်ရှေ့မှာ သွားရပ်နေစဉ်။ (ဖေဖော်ဝါရီ ၁၊ ၂၀၁၅)

ဂျပန်သတင်းထောက် Kenji Goto ခေါင်းဖြတ်သတ်ခံရပုံရတဲ့ Video ထွက်ပေါ်လာခဲ့ပြီးနောက် သူ့သားသေဆုံးမှုကနေ ကမ္ဘာကြီးအတွက် အကျိုးတခုခု ရှိသွားစေဖို့ မျှော်လင့်တယ်လို့ Kenji Goto ရဲ့ မိခင်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

Kenji က ကမ္ဘာကြီးမှာ စစ်ပွဲတွေအဆုံးသတ်သွားဖို့ အမြဲမျှော်လင့်ခဲ့တာပါ။ စစ်ပွဲတွေကြားက ဆင်းရဲမွဲတွေမှုဒဏ်ကနေ ကလေးငယ်တွေကို ကယ်တင် ချင်ခဲ့သူပါ၊ သူဖြစ်စေချင်တဲ့အတိုင်း ကျွန်မဆက်ပြီးလုပ်သွားမယ်လို့ ကတိပြုပါတယ်။ သူ့အပေါ် ထောက်ခံမှုပေးကြလိမ့်မယ်လို့လဲ မျှော်လင့်ပါတယ်လို့ သတင်းထောက် Kenji Goto ရဲ့ မိခင်က ဝမ်းနည်းစွာနဲ့ ပြောကြားသွားခဲ့တာပါ။

သူ့အတွက် အောက်မေ့ ဆုတောင်းပွဲတခုကိုလည်း Tokyo မြို့တော်မှာ ဒီကနေ့ ပြုလုပ်ခဲ့တာမှာ ရာနဲ့ချီ လာရောက်ခဲ့ပါတယ်။ တချိန်တည်းမှာပဲ IS စစ်သွေးကြွတွေ ဖမ်းဆီးထားဆဲ ဂျော်ဒန် တိုက်လေယာဉ်မှူး Muath al-Kasaesbeh လွတ်မြောက်လာနိုင်ဖို့ ပွင့်ပွင့်လင်းလင်း ညှိနှိုင်းဆွေးနွေးမှုတွေလုပ်ဖို့ သူ့ရဲ့ ဆွေမျိုးတွေက ဂျော်ဒန်အစိုးရကို တောင်းဆိုနေပါတယ်။

Kenji Goto နဲ့ တိုက်လေယာဉ်မှူးတို့ အသက်ဘေးကလွတ်စေချင်ရင် ဂျော်ဒန်မှာ ဖမ်းဆီးထားတဲ့ အသေခံဗုံးခွဲဖို့ကြိုးစားသူ အမျိုးသမီးတယောက်ကို ပြန်လွှတ်ပေးရမယ်လို့ IS စစ်သွေးကြွတွေက တောင်းဆိုခဲ့တာဖြစ်ပါတယ်။

စစ်သွေးကြွတွေက ဂျပန်သတင်းထောက်ကို သတ်ခဲ့ပုံရတဲ့အပေါ် ဂျပန် ဝန်ကြီးချုပ်နဲ့အတူ အမေရိကန်၊ ဗြိတိန်၊ Australia ခေါင်းဆောင်တွေကလည်း ပြစ်တင် ရှုတ်ချခဲ့ကြပါတယ်။ ဒီလုပ်ရပ်ဟာ လူမဆန်တဲ့ အကြမ်းဖက်စက်ဆုပ်ဖွယ်လုပ်ရပ်ဖြစ်ပြီး လူသတ်သမားတွေကို သူ့အနေနဲ့ ဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်ဘူးလို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာေဘေးက ပြောကြားခဲ့ပါတယ်။ အကြမ်းဖက်မှု တိုက်ဖျက်ရေး နိုင်ငံတကာရဲ့ အားထုတ် ဆောင်ရွက်မှုတွေမှာ ဂျပန်နိုင်ငံက ဆက်လက်ပူးပေါင်းပါဝင်သွားမှာဖြစ်ပြီး အကြမ်းဖက်သမားတွေအနေနဲ့ သူတို့အပြစ်တွေအတွက် ပြန်လည်ပေးဆပ်ရမှာဖြစ်တယ်လို့ ဂျပန်ဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။

အင်မတန်ယုတ်မာတဲ့ သတ်ဖြတ်မှုဖြစ်တယ်လို့ အမေရိကန်သမ္မတ Barack Obama ကလည်း ပြောကြားခဲ့ပါတယ်။ Australia ဝန်ကြီးချုပ် Tony Abbot ကတော့ IS အဖွဲ့ကို လူသတ်အဖွဲ့လို့ ရည်ညွှန်းပြီး နောက်ထပ် ရက်စက်တဲ့လုပ်ရပ်ကို လုပ်ခဲ့တာလို့ ဖော်ပြပြောဆိုပါတယ်။ ဝန်ကြီးချုပ် Abbot နဲ့
ဆွေးနွေးခဲ့တဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Philip Hammond ကလည်း ခုလိုခက်ခဲတဲ့အချိန်မျိုးမှာ ဂျပန်နဲ့ တသားတည်းရပ်တည်နေပါတယ်လို့ Canberra
မြို့တော်က ပူးတွဲသတင်းစာရှင်းပွဲမှာ ပြောကြားသွားပါတယ်။

XS
SM
MD
LG