သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန် အတိုးနှုန်း သစ်ကြောင့် အာရှ ရှယ်ယာ ဈေးတက်


ဂျပန်ဗဟိုဘဏ်ဟာ အတိုးနှုန်းကို အနှုတ် သုည ဒဿမ ၁% သတ်မှတ်ဖို့ ကို မျှော်လင့်မထားဘဲ ဆုံးဖြတ်လိုက်ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ ဘဏ် အပ်ငွေတွေပေါ် အတိုးနှုန်းကို အရင်က သုည ဒဿမ ၁% နဲ့ နည်းနည်းလေးပဲ ပေးထားတဲ့ ဗဟိုဘဏ်မှာ - လက်ရှိ ငွေအပ်ထားတဲ့ ဘဏ်လုပ်ငန်း တွေအပေါ် သက်ရောက်မှု ရှိစေမှာပါ ဖြစ်ပါတယ်။

ရေနံဈေးနှုန်း နောက်ထပ်ကျဆင်းမယ့် အလားအလာ၊ တရုတ် အပါအဝင် ထွန်းသစ်စ စီးပွားရေးနိုင်ငံတွေမှာ မရေမရာ အခြေအနေ၊ စီးပွားရေးဆိုင်ရာ ယုံကြည်မှု နဲ့ လူတွေရဲ့ ကျဆင်းနေတဲ့ စိတ်အခံ ပျောက်သွားအောင် လုပ်ဖို့ နှောင့်နှေးသွားစေနိုင်တဲ့ ကမ္ဘာလုံး ဆိုင်ရာဈေးကွက် မတည်မငြိမ်ဖြစ်နေတာ စတဲ့ အန္တရာယ်တွေရှိနေတယ်လို့ ဂျပန်ဗဟိုဘဏ်အုပ်ချုပ်ရေးမှူး ဟရုဟိကို့ ကုရိုဒါ (Haruhiko Kuroda) က တိုကျိုမြို့တော်မှာ သတင်းထောက်တွေ ကိုပြောပါတယ်။

လိုအပ်တယ်လို့ ဆုံးဖြတ်တယ်ဆိုရင် အတိုးနှုန်းကို အနှုတ်ရာခိုင်နှုန်း ထပ်ပြီး လျှော့ချမယ်လို့ ဗဟိုဘဏ်အဖွဲ့ဝင်တွေ ၅ မဲ ၄ မဲနဲ့ ဒီကနေ့ မဲခွဲ ဆုံးဖြတ်ပြီးတဲ့နောက် ထုတ်ပြန်ချက်ထဲမှာ သတိပေးထားပါတယ်။

အခုလို ဂျပန်ဗဟိုဘဏ်ကနေ အတိုးနှုန်းကို အနှုတ်ရာခိုင်နှုန်း သတ်မှတ်မယ်လို့ မမျှော်လင့်ဘဲ ရုတ်တရက် ကြေညာလိုက်ပြီးတဲ့နောက် အာရှဒေသ အစုရှယ်ယာဈေးတွေ သောကြာနေ့က သိသိသာသာ တက်သွားပါတယ်။ ဂျပန်ဗဟိုဘဏ် ရဲ့ အခုကြေညာချက်ကြောင့် ကမ္ဘာ့ တတိယအကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်တဲ့ ဂျပန်မှာ ငွေထုတ်ချေးတာတွေ အရှိန်အဟုန် နဲ့ ဖြစ်လာမယ့်သဘော ရှိပါတယ်။

တိုကျိုမြို့ Nikkei အစုရှယ်ယာအညွှန်းကိန်းဟာ တက်လိုက် ကျလိုက်နဲ့ ဖြစ်နေပြီးတဲ့နောက် ၂.၈% အတက်နဲ့ ဈေးပိတ်နိုင်ခဲ့သလို၊ ဟောင်ကောင် Hang Seng အစုရှယ်ယာအညွှန်းကိန်းဟာလည်း ၂.၅% အတက်ပြခဲ့ပြီး၊ ရှန်ဟဲ စုပေါင်းအညွှန်းကိန်းဟာလည်း ၃.၁% အတက်နဲ့ ဈေးပိတ်သွားခဲ့ပါတယ်။

ဆစ်ဒနီ၊ စင်္ကာပူ၊ မနီလာနဲ့ တိုင်ပေ ဈေးကွက်တွေမှာလည်း ၂% စီလောက် အတက်နဲ့ ဈေးပိတ်ပါတယ်။ ဥရောပဈေးကွက်မှာလည်း သောကြာနေ့ မနက်ပိုင်းက အာရှဈေးကွက် အတိုင်းပဲ အတက်ပြနေခဲ့ပါတယ်။

XS
SM
MD
LG