လွန်ခဲ့တဲ့နှစ်ပေါင်း သုံးလေးဆယ်လောက်က မြောက်ကိုရီးယား ထောက်လှမ်းရေးတွေရဲ့ ပြန်ပေးဆွဲ သွားတာကို ခံခဲ့ကြရတဲ့ ဂျပန်နိုင်ငံသားတွေရဲ့ အရေးကို ကူညီဆွေးနွေး ဖြေရှင်းပေးနိုင်ရေးအတွက် မြောက်ကိုရီးယားနိုင်ငံကို သွားရောက် လည်ပတ်ဖို့ စီစဉ်နေကြောင်း ဂျပန်ဝန်ကြီးချုပ်က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ တိုကျိုမြို့ကနေ VOA သတင်းထောက် Steve Herman သတင်းပေးပို့ထားတာကို ဦးစံမိုးဝေက တင်ပြထားပါတယ်။
အဲဒီလို မြောက်ကိုရီးယား ထောက်လှမ်းရေးတွေ ပြန်ပေးဆွဲသွားတာခံခဲ့ရတဲ့ ဂျပန်နိုင်ငံသားတွေရဲ့ မိသားစုဝင်တွေနဲ့ ၀န်ကြီးချုပ် ယိုရှီဟီကို နိုဒ ဟာ စနေနေ့မှာ တစ်နာရီလောက် တွေ့ဆုံ စကားပြောခဲ့ပါတယ်။
မစ္စတာနိုဒ က သူ့အနေနဲ့ ဒီကိစ္စဟာ အရေးတကြီးလုပ်ဖို့လိုအပ်တဲ့ ကိစ္စလို့ သဘောထားတဲ့အကြောင်းနဲ့ အခြေအနေ တိုးတက်မှုရှိတယ်ဆိုရင် သူမြောက်ကိုရီးယားနိုင်ငံကို သွားရောက်မှာဖြစ်တယ်လို့ ပြန်ပေးဆွဲခံထားရသူတွေရဲ့ မိသားစုတွေကို ပြောဆိုသွားပါတယ်။
တဆက်တည်းမှာပဲ ဒီကိစ္စကိုဖြေရှင်းနိုင်ဖို့အတွက် တခြားနိုင်ငံတွေအနေနဲ့လည်း အကူညီပေးကြ စေလိုကြောင်း အမေရိကန် သမ္မတ ဘရက်အိုဘားမားနဲ့ ပြီးခဲ့တဲ့လအတွင်း နယူးယောက်မြို့မှာ တွေ့ဆုံခဲ့ချိန်တုန်းက ပြောဆိုခဲ့ကြောင်း မိသားစုတွေကို ဂျပန်ဝန်ကြီးချုပ်က ပြောပြသွားပါသေးတယ်။
သူ့အနေနဲ့ ဒီပြန်ပေးဆွဲသွားခံခဲ့ကြရတဲ့လူတွေ အရေးကိစ္စကို ဘယ်တုန်းကနဲ့မှမတူအောင် ဖြေရှင်းပေးချင်တဲ့ဆန္ဒ ရှိတဲ့အကြောင်း မစ္စတာနိုဒက ပြောဆိုသွားတာပါ။ အခုထိ သက်ရှိထင်ရှား ကျန်နေသေးတဲ့ ပြန်ပေးဆွဲခံခဲ့ရသူတွေကို မိသားစုတွေနဲ့ ဂျပန်နိုင်ငံမှာ ပြန်ပြီးနေထိုင်နိုင်အောင် သူ့အနေနဲ့ တတ်စွမ်းသလောက် ကူညီလုပ်ဆောင် ပေးလိုတဲ့အကြောင်းလည်း ၀န်ကြီးချုပ်က ပြောခဲ့ပါတယ်။
မစ္စတာနိုဒ အနေနဲ့ ပြီးခဲ့တဲ့လအတွင်း ၀န်ကြီးချုပ်တာဝန် လက်ခံရယူခဲ့ပြီးကတည်းက ပြန်ပေးဆွဲ ခံခဲ့ရသူတွေရဲ့ မိသားစုတွေကို တွေ့ဆုံတာ ဒီတကြိမ်ဟာ ဒုတိယအကြိမ် ဖြစ်ပါတယ်။
စုအိချီ အိချီကာဝါဟာ ပြန်ပေးဆွဲခံထားရတဲ့ သူတွေထဲမှာ အပါအ၀င်ဖြစ်တယ်လို့ မြောက်ကိုရီးယားက ထုတ်ဖော် ၀န်ခံထားသူပါ။ ဒါပေမဲ့ သူဟာ မတော်တဆရေနစ်ပြီး နှလုံးရောဂါနဲ့ သေဆုံးသွားခဲ့ရှာပြီလို့ မြောက်ကိုရီးယားအစိုးရက ပြောပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ရုပ်အလောင်းဟာ ရေစီးနဲ့အတူ မြောပါသွားခဲ့တဲ့ အတွက် သူ့ရဲ့ခန္ဒာကိုယ် ရုပ်ကြွင်းကိုတော့ ပြန်လည် လွှဲပြောင်းပေးနိုင်ခြင်း မရှိခဲ့ပါဘူး။ အိချီကာဝါရဲ့ မိသားစုဝင်တွေကတော့ ဒီလိုပြောဆို ရှင်းပြချက်တွေကို ဘယ်တုန်းကမှ လက်မခံခဲ့ပါဘူး။
စုအိချီရဲ့ ညီဖြစ်သူ ကန်အိချီ ကတော့ ဒီအရေးကိစ္စရဲ့ အရင်းမြစ်ကို မြောက်ကိုရီးယားနဲ့ ဆွေးနွေးမှာ ဖြစ်တဲ့အကြောင်း အရင်ဂျပန်ခေါင်းဆောင်တွေပေးခဲ့တဲ့ ကတိတွေ သူကြားခဲ့ဖူးပြီးပါပြီလို့ ပြောပါတယ်။
အိရှီကာဝါ က ၀န်ကြီးချုပ် မစ္စတာနိုဒ အနေနဲ့ သူ့ထက်အရင် ခေါင်းဆောင်တွေ ပြောခဲ့သလို သူတို့အနေနဲ့ ဒီကိစ္စကို အတတ်နိုင်ဆုံး အကောင်းဆုံး လုပ်ဆောင်သွားပါ့မယ်ဆိုပြီး ပြောခဲ့ကြတာတွေထက် ပိုမိုပြီး အလေးထားလုပ်ဆောင်ဖို့ လိုအပ်ကြောင်း ပြောသွားတာပါ။ မစ္စတာနိုဒ အနေနဲ့ အမှန်တကယ် တစ်စုံတရာ အကောင်အထည်ပေါ်အောင် လုပ်ပါလို့လည်း သူကပြောပါတယ်။
ကီအိကို အာရီမိုတို ဟာ အသက် ၂၃ နှစ်အရွယ် ၁၉၈၃ ခုနှစ်တုန်းက မြောက်ကိုရီးယားတွေ ကြောထောက် နောက်ခံပေးထားတဲ့ အကြမ်းဖက် အဖွဲ့အစည်းတခုဖြစ်တဲ့ ဂျပန်တပ်နီအဖွဲ့ကနေ ပြန်ပေးဆွဲသွားတာကို ခံရသူဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
သူမဟာ ပြန်ပေးဆွဲသွားတာခံခဲ့ရအပြီး ၅ နှစ်အကြာမှာ ကျောက်မီးသွေး အပူပေးဓါတ်ငွေ့ အဆိပ်သင့်ပြီး သေဆုံးသွားတယ်လို့ မြောက်ကိုရီးယားက ပြောပါတယ်။ သူ့ရဲ့ကိုယ်ခန္ဒာ ရုပ်ကြွင်းဟာဆိုရင်လည်း ၁၉၉၅ ခုနှစ်အတွင်း မြေတွေပြိုကျတဲ့အထဲမှာ ပါသွားပြီလို့ ဆိုပါတယ်။
ဝန်ကြီးချုပ်နိုဒနဲ့ တွေ့ဆုံခဲ့တဲ့ သူမရဲ့မိခင်ဖြစ်သူ ကေယိုကို ကတော့ သူ့အနေနဲ့ ဒီကနေ့အထိ ပြန်တွေ့ဖို့ မျှော်လင့်နေပြီး ဘုရားမှာ ဆုတောင်းနေဆဲပဲလို့ ပြောပါတယ်။
အာရီမိုတိုရဲ့ မိခင်က သူမအနေနဲ့ကော တခြားအသက်အရွယ်ကြီးရင့်နေတဲ့ မိဘဖြစ်သူတွေနဲ့ ဆွေမျိုးတွေဟာ သူတို့ မသေခင် ဒီပြန်ပေးဆွဲခံထားသူတွေရဲ့ အရေးကိစ္စ ဖြေရှင်းပြီးသွားတာကို မြင်တွေ့လိုကြောင်း ပြောသွားတာပါ။
၂၀၀၂ ခုနှစ် ၀န်ကြီးချုပ် ဂျူနီချီရို ကိုအိဇူးမိ လက်ထက်မှာ ဒီအရေးနဲ့ပတ်သက်ပြီး ကြီးမားတဲ့ အောင်မြင်မှု တစ်ခုရခဲ့ပါတယ်။ အဲဒီတုန်းကလည်း ၀န်ကြီးချုပ် ကိုအိဇူးမိ က ပြုံယမ်းကို သွားရောက်ခဲ့တာပါ။ မြောက်ကိုရီးယားက ပြန်ပေးဆွဲခဲ့သူ ၁၃ ယောက် ရှိပါတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပြီး နောက်တစ်လ အကြာမှာ အဲဒီအထဲက ၅ ဦးကို ပြန်လွှတ်ပေးခဲ့ပါတယ်။
လူ့အခွင့်အရေး လှုပ်ရှားသူတွေက မြောက်ကိုရီးယားဟာ ၁၉၇၀ ခုနှစ်တွေနဲ့ ၈၀ ခုနှစ်တွေအတွင်း ဂျပန်နိုင်ငံသား ဒါဇင်ပေါင်းများစွာကို ပြန်ပေးဆွဲသွားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီထဲက တချို့ဟာ မြောက်ကိုရီးယားအတွက် သူလျှိုလုပ်မယ့်သူတွေကို ဂျပန်စကား သင်ပေးကြရပါတယ်။
တခြားအသက်အရွယ်ကြီးတဲ့ ဂျပန်နိုင်ငံသားတွေကိုတော့ သူတို့နေရာမှာ မြောက်ကိုရီးယား သူလျှိုလုပ်သူတွေကို ဂျပန်နိုင်ငံသားတွေအဖြစ်နဲ့ အစားထိုးနိုင်အောင် သတ်ပစ်လိုက်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။
ဒီလိုဂျပန်နိုင်ငံသားတွေ ပြန်ပေးဆွဲထားတဲ့အရေးကိစ္စ ဖြေရှင်းနိုင်မှုမရှိသေးသ၍ ဂျပန်နဲ့ မြောက်ကိုရီးယား တို့အကြား ဆက်ဆံရေးပုံမှန် ပြန်ရနိုင်ဖို့အရေးမှာ အတားအဆီးကြီးတစ်ခုလို ဖြစ်နေပါတယ်။