သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အငြင်းပွားကျွန်းကိစ္စ ဂျပန်ကျောင်းသုံးစာအုပ် ဖော်ပြမှု တောင်ကိုရီးယားကန့်ကွက်


ဂျပန်နိုင်ငံက အလယ်တန်းကျောင်းသုံး သင်ရိုးညွှန်းတန်းအသစ်မှာ ဒေသတွင်းနိုင်ငံတွေကြား ပိုင်ဆိုင်မှုအတွက် အငြင်းပွားနေတဲ့ ဂျပန်ပင်လယ်ပြင်ထဲက ကျွန်းတွေကို ဂျပန်အမည်သက်သက်နဲ့သာ ဖော်ပြခဲ့တဲ့အပေါ် တောင်ကိုရီးယားနိုင်ငံက ပြစ်တင်ကန့်ကွက် လိုက်ပါတယ်။

ပိုင်ဆိုင်မှုအတွက် အငြင်းပွားနေရတဲ့ ရာဇဝင်ကို ထည့်သွင်းဖော်ပြမထားတဲ့ ကျောင်းသုံးစာအုပ်ဟာ သမိုင်းကို ဖျက်ဆီးရာ ရောက်တယ်လို့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကနေ့ပဲ ကြေညာချက် ထုတ်ပြန် ပြောဆိုခဲ့တာပါ။

ဂျပန်အစိုးရက မနေ့တုန်းကပဲ အတည်ပြုခဲ့တဲ့ ကျောင်းသုံးစာအုပ်နဲ့ ပတ်သက်လို့ ဂျပန်သံအမတ်ကြီးကို ဆင့်ခေါ်ပြီးတော့လည်း တောင်ကိုရီးယားနိုင်ငံက တရားဝင် ကန့်ကွက်ခဲ့ပါတယ်။

တောင်ကိုရီးယး နိုင်ငံက Dokdo လို့ခေါ်ပြီး၊ ဂျပန်နိုင်ငံက Takeshima လို့ခေါ်တဲ့ ကျွန်းတွေဟာ သမိုင်းအရ၊ ပထဝီဝင် အနေအထားအရရော၊ နိုင်ငံတကာ ဥပဒေအရပါ တောင်ကိုရီးယားနိုင်ငံက ပိုင်ဆိုင်ကြောင်းလည်း ဒီကနေ့ ထုတ်ပြန်ခဲ့တဲ့ တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ကြေညာချက်က ဖော်ပြခဲ့တာပါ။

သင်ရိုးညွှန်းတန်းထဲက အသုံးအနှုန်းတွေကို ပြင်ဆင်ဖို့ ဂျပန်နိုင်ငံက ငြင်းဆန်ခဲ့တာဟာလည်း အတိတ်က အမှားမျိုးကို ထပ်ပြီးကျုးလွန်ဖို့ ရည်ရွယ်နေတာကို ပြသရာရောက်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

ဂျပန်အစိုးရကတော့ ကျောင်းသုံးစာအုပ်ထဲမှာ ကျွန်းတွေအားလုံးကို ဂျပန်နိုင်ငံပိုင်အဖြစ် ရည်ညွှန်းဖော်ပြမှာ ဖြစ်တယ်လို့ ပြောဆိုထားတာပါ။ ၁၉၁၀ ပြည့်ကနေ ၁၉၄၅ ခုနှစ်အထိ ကိုရီးယားကျွန်းဆွယ်ကို ဂျပန်နိုင်ငံက သိမ်းပိုက်ခဲ့ဖူးတဲ့အတွက် တောင်ကိုရီးယား နိုင်ငံသားတွေကြားမှာတော့ ဂျပန်နိုင်ငံအပေါ် ခါးသည်းတဲ့ သဘောထားတချို့ အခုအချိန်အထိ ရှိနေကြဆဲ ဖြစ်ပါတယ်။

XS
SM
MD
LG