သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အငြင်းပွားဖွယ် လုံခြုံရေးဥပဒေကြမ်း ဂျပန်လွှတ်တော် အတည်ပြု


စစ်ဆန့်ကျင်ရေး လှုပ်ရှားသူတွေ လုံခြုံရေးဥပဒေကြမ်း အတည်ပြု ဆန့်ကျင်ကန့်ကွက်။ (ဇူလိုင် ၁၆၊ ၂၀၁၅)
စစ်ဆန့်ကျင်ရေး လှုပ်ရှားသူတွေ လုံခြုံရေးဥပဒေကြမ်း အတည်ပြု ဆန့်ကျင်ကန့်ကွက်။ (ဇူလိုင် ၁၆၊ ၂၀၁၅)

ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဂျပန်နိုင်ငံရဲ့ ငြိမ်းချမ်းရေး မူဝါဒတွေကနေ ခွဲထွက်လာတဲ့ သမိုင်းဝင် ခြေလှမ်းတရပ်အဖြစ် စစ်ဘက်ဆိုင်ရာ လုပ်ငန်းတွေ အပေါ် ကန့်သတ်မှုတွေကို လျှော့ချပေးမယ့် ဥပဒေတရပ်ကို အောက်လွှတ်တော်က အတည်ပြုလိုက်ပါတယ်။ အကြီးအကျယ် ကန့်ကွက်မှုတွေနဲ့ အဓိက အတိုက်အခံ နိုင်ငံရေးပါတီတွေက သပိတ်မှောက်တာတွေ ကြုံခဲ့ရပေမဲ့လည်း အချေအတင်ဖြစ်စရာ အစီအစဉ်တွေကို ဝန်ကြီးချုပ် Shinzo Abe ရဲ့ အာဏာရပါတီ ထောက်ခံမှုနဲ့ ဒီကနေ့ပဲ အတည်ပြုလိုက်တာပါ။

ဝန်ကြီးချုပ်ကတော့ ဂျပန်နိုင်ငံ ပတ်ဝန်းကျင်မှာ လုံခြုံရေး အခြေအနေဟာ ပိုမိုခက်ခဲကြမ်းတမ်း လာနေတယ်လို့ မဲခွဲ အတည်ပြုပြီးနောက် မှာပဲ ပြောကြားသွားပါတယ်။ ဂျပန်လူထုကို ကာကွယ်ဖို့နဲ့ စစ်မဖြစ်အောင် ဟန့်တားနိုင်ဖို့ ဒီဥပဒေတွေဟာ မရှိမဖြစ် အရေးကြီးတယ်လို့လည်း ပြောဆိုခဲ့တာပါ။

အတိုက်အခံ လွှတ်တော်အမတ်တွေကတော့ လုံလောက်တဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ မလုပ်ပဲ ဝန်ကြီးချုပ်ရဲ့ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီဟာ လွှတ်တော်ကော်မီတီ တရပ်ကနေ ဥပဒေကို အတည်ပြုခဲ့တယ်ဆိုပြီး မကျေမနပ် ဖြစ်ခဲ့ကြပါတယ်။

နယ်မြေပိုင်ဆိုင်မှုအတွက် ဂျပန်နိုင်ငံနဲ့ အငြင်းပွားနေတဲ့ တရုတ်နိုင်ငံက အကြီးအကျယ် သြဇာချဲ့ထွင်လာနေတာတွေကို တုန့်ပြန်မှုတစိတ်တပိုင်းအဖြစ် ဝန်ကြီးချုပ် Abe ကတော့ တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ခံနေရတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ ပိုအားကောင်းလာအောင် လုပ်မယ်လို့ ကတိပြုထားတာပါ။

တရုတ်နိုင်ငံကတော့ ဂျပန်အောက်လွှတ်တော်မှာ ဥပဒေကို အတည်ပြုလိုက်တဲ့ အပေါ် ဒီကနေ့ပဲ ပြစ်တင်ပြောဆိုလိုက်ပြီး၊ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ကာကွယ်ရေးအတွက်ကိုသာ ဆက်လက် အာရုံစိုက် ဆောင်ရွက်သွားမယ်လို့ဆိုတဲ့ ဂျပန်နိုင်ငံရဲ့ မူဝါဒတွေအပေါ်မှာလည်း မေးခွန်းထုတ်ခဲ့ပါတယ်။

XS
SM
MD
LG