သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုကျို မြန်မာသံရုံး အကူအညီပေးမှု အားနည်း


A swan swims on a pond at the Palace park in Moers, western Germany.
A swan swims on a pond at the Palace park in Moers, western Germany.

အရှိန်ကြီးတဲ့ ငလျင်နဲ့ ဆူနာမီဒဏ် ခံခဲ့ရပြီးနောက် အခု နျူကလီးယား သတ္တိကြွမှုကို ရင်ဆိုင်နေရတဲ့ ဂျပန်နိုင်ငံက ဘေးဒုက္ခသင့် ဒေသတွေမှာ တရုတ်လူမျိုး ထောင်နဲ့ချီ ရှိနေပါတယ်။ တရုတ်နိုင်ငံဟာ ကပ်ဘေးဒုက္ခနဲ့ နျူကလီးယား အန္တရာယ် ခြိမ်းခြောက်မှုတွေ ရင်ဆိုင်နေရတဲ့ ဂျပန်နိုင်ငံကနေ မိမိနိုင်ငံသားတွေကို စတင်ကယ်ထုတ်တဲ့ ပထမဆုံးနိုင်ငံ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံတွင်း အနည်းဆုံး ၃၀,၀၀၀ ကျော် ရှိတယ်လို့ ခန့်မှန်းရတဲ့ မြန်မာလူမျိုးတွေအတွက် မြန်မာအာဏာပိုင်တွေက ဘာတွေ လုပ်ဆောင်ပေးနေပါသလဲ၊ ဂျပန်ရောက် မြန်မာနိုင်ငံသားတွေ အတွက်ရော ဖြစ်လာနိုင်ချေ အန္တရာယ်တွေ ဘာရှိပါသလဲ၊ အပြည့်အစုံကို ကိုသားညွန့်ဦးက စုံစမ်းမေးမြန်းပြီး တင်ပြပေးထားပါတယ်။

ဂျပန်နိုင်ငံတွင်း ငလျင်နဲ့ ဆူနာမီ သင့်ခဲ့တဲ့ ဒေသတွေနဲ့ အခု ဖူကူရှီးမား နျူကလီးယား ဓာတ်ပေါင်းဖို အခြေအနေကြောင့် စိုးရိမ်ရတဲ့ ဒေသတွေမှာ ရောက်နေကြတဲ့ တရုတ်လူမျိုးတွေကို တရုတ်အစိုးရ ကယ်ထုတ်ဖို့ ဆောင်ရွက်နေပြီလို့ ဘေကျင်းမြို့မှာရှိတဲ့ ဗွီအိုအေ သတင်းထောက် ပီတာ စင်မ်စန် (Peter Simpson) က သတင်းပို့ထားပါတယ်။ ဖူကူရှီးမား နျူကလီးယားစက်ရုံမှာ နျူကလီးယား လောင်စာချောင်းတွေ အရည်ပျော်ပြီး ဓာတ်ပေါင်းဖို ပျက်စီးနိုင်ခြေ စိုးရိမ်ချက်ဟာ နျူကလီးယားစွမ်းအင် အစီအစဉ်တွေ တိုးချဲ့ဖို့ လုပ်နေတဲ့ တရုတ်နိုင်ငံအတွက်လည်း ဆင်ခြင် သုံးသပ်စရာ ဖြစ်လာတယ်လို့ သူက ပြောပါတယ်။

ရေဒီယို ဓာတ်သတ္တိ သင့်နိုင်တဲ့ အန္တရာယ်ရှိတဲ့ နေရာတွေမှာ ရှိနေတဲ့ တရုတ်လူမျိုးတွေကို အဲဒီနေရာတွေကနေ ဘတ်စ်ကားတွေနဲ့ ကယ်ထုတ်ပေးတာတွေကို တိုကျိုမှာရှိတဲ့ တရုတ်သံရုံးက ဆောင်ရွက်ပေးနေတယ်လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ဂျန်ယု (Jing Yu) က ပြောပါတယ်။ ဂျပန်မှာရှိတဲ့ တရုတ်သံရုံးဟာ ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ပေးနိုင်ရေး နည်းလမ်းတွေ မရပ်မနား ရှာဖွေ ဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။

အဲဒီနေရာတွေ ရောက်နေတဲ့ တရုတ်လူမျိုးတွေကို အကူအညီပေးနိုင်ဖို့ ကယ်ဆယ်ရေး အဖွဲ့တွေကိုလည်း Counselor ရုံးကနေ စေလွှတ်ခဲ့တယ်လို့ ပြောပါတယ်။ တရုတ်အစိုးရပိုင် Air China လေယာဉ်တွေကိုလည်း ရေဒီယို ဓာတ်သတ္တိကြွမှုတွေ ရှိနေပြီဆိုတဲ့ သတင်းနောက်ပိုင်းကစလို့ တရုတ်ကနေ တိုကျိုကို ပြေးဆွဲနေတဲ့ လေယာဉ်ခရီးစဉ်တွေကို ဖျက်သိမ်းလိုက်ပါတယ်။

ဂျပန်ရောက် မြန်မာတွေ အခြေအနေကလည်း အခြားဂျပန်တွေလိုပါပဲ၊ နေ့နေ့ညည စိုးရိမ်မှုတွေနဲ့ နေနေကြရပါတယ်။ မြန်မာသံရုံးကလည်း ငလျင်ဖြစ်ဖြစ်ချင်း ကတည်းက ပိတ်ထားပြီး မနေ့ နေ့လယ်ပိုင်းကမှ ပြန်ဖွင့်ပါတယ်။ နဂိုကတည်းက ဆက်သွယ် အကူအညီတောင်းဖို့ ခက်တဲ့ မြန်မာသံရုံးဟာ ဂျပန်မှာရှိနေတဲ့ မြန်မာတွေကို အကူအညီပေးနိုင်ဖို့ အတော်လေး အားနည်းနေတယ်လို့ တိုကျိုမြို့က မြန်မာတဦးဖြစ်တဲ့ ကိုဘုန်းမြင့်ထွန်းက ပြောပါတယ်။

“မနေ့ နေ့လယ်က သံရုံးကို ကျနော်တို့ သွားကြည့်တယ်။ အဲဒီအခါကျတော့ သူတို့ သံရုံးတံခါးတောင် မဖွင့်ပေးဘူး။ ပြီးတော့ Hot Line နံပါတ်ကိုလည်း ဆက်ကြည့်တော့ ဖုန်းကိုင်မယ့်လူ မရှိဘူး ဖြစ်နေတယ်။ ကျနော်မြင်တာတော့ သံရုံးဆောင်ရွက်မှု အပိုင်းကို နည်းနည်း အားနည်းသေးတယ်လို့ မြင်ပါတယ်။”

တရုတ်နိုင်ငံကတော့ ဂျပန်မှာရှိတဲ့ သူ့လူမျိုးတွေ ဘေးဒုက္ခဖြစ်လာရင် ကယ်ထုတ်နိုင်ဖို့ဆိုပြီး စီစဉ်နေပါပြီ။ အဲဒီတော့ ဂျပန်မှာရှိနေတဲ့ မြန်မာနိုင်ငံသားတွေရဲ့ အခြေအနေ၊ အကယ်၍ ဘေးဥပါဒ် တစုံတရာ ရှိလာမယ်ဆိုရင် ဘာတွေလုပ်ကြဖို့ အစီအစဉ် ရှိပါလဲခင်ဗျ။

“ကျနော်တို့တော့ စုပေါင်းပြီး အစုအဖွဲ့ လုပ်ထားတာ ရှိတယ်လေ။ အဲဒီကနေ အနီးကပ်ဆုံး တိုင်ပင် ဆောင်ရွက်ပြီးတော့ လုပ်ဆောင်သွားဖို့အတွက် တိုင်ပင်ထားပါတယ်။ ပြန်တယ်လို့တော့ ကြားနေရပေမဲ့ တိတိကျကျတော့ ဘယ်နှစ်ယောက် ပြန်တယ်ဆိုတာ ပြောလို့မရသေးဘူး။ ဒါပေမဲ့ ပြန်တယ်ဆိုရင်လည်း ကျနော်တို့ တိုင်းပြည်ထက်စာလို့ရှိရင်တော့ ဒီနိုင်ငံမှာက အလုပ်အကိုင်လေး ဘာလေး ရနေသေးတော့ မပြန်ကျတဲ့သူက ပိုများပါတယ်။ မပြန်နိုင်တဲ့လူတွေ ပိုများပါတယ်။”

လက်ရှိ ခန့်မှန်းချေအားဖြင့် ဂျပန်နိုင်ငံမှာ မြန်မာလူမျိုး ဘယ်လောက်လောက် ခန့်မှန်းထားပါလဲခင်ဗျ။

“၃၀,၀၀၀ နဲ့ ၄၀,၀၀၀ နီးပါးလောက်တော့ ရှိပါတယ်။ တိုကျိုမှာတော့ အဓိက ၂၀,၀၀၀ ကျော်လောက် ရှိတယ်လို့ သိရပါတယ်။”

ကျန်တဲ့သူတွေက ဘယ်နေရာတွေမှာ များပါလဲ။

“ကျန်တဲ့သူတွေက အိုဆာကာနဲ့ နာဂိုယာဘက်မှာ ပိုများတယ်။ နောက်ပြီး ကျူရှူးဘက်မှာ ပိုများတယ်။ မြောက်ပိုင်းဘက်မှာ နေတဲ့သူကတော့ တော်တော်နည်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရာသီဥတုလည်း ဆိုးဝါးတယ်။ အဲဒီတော့ သိပ်မနေကြဘူး။”

အခု ဖူကူရှီးမား နျူကလီးယား ရေဒီယို သတ္တိကြွတာတွေ ဖြစ်နေတယ်လို့ ကြားရပါတယ်။ အကယ်၍ အန္တရာယ် ကြီးလာမယ်၊ တိုကျိုဘက်မှာလည်း တစုံတရာ လှန့်လာမယ့် အခြေအနေမျိုးဖြစ်ရင် ဘာလုပ်ကြဖို့ အစီအစဉ် ရှိပါလဲခင်ဗျ။

“သေချာတော့ သင်တန်းတွေ ပေးနေပါတယ်။ တီဗွီတွေကနေပြီးတော့ သေချာရှင်းပြတယ်။ ရေဒီယို သတ္တိကြွမှုတွေက အခု ဘယ်လောက်ရောက်နေပြီဆိုတာ သေချာရှင်းပြတယ်။ ဂျပန်စကား နားမလည်တဲ့ သူတွေတောင် နားလည်နိုင်အောင် သူတို့ ရုပ်ပုံတွေနဲ့ သေချာ ရှင်းပြနေပါတယ်။ အပြင်ထွက်ရင် တကိုယ်လုံးကို လုံလုံခြုံခြုံထုပ်ပြီး သွားရမယ်။ ပြန်လာတာနဲ့ အဲဒီ အဝတ်အစားတွေကို လွှင့်ပစ်ရမယ်။ အဲဒါမျိုးတွေကအစ၊ နောက်ပြီးတော့ မိုးရွာရင် လုံး၀ မိုးအစိုမခံဖို့အတွက် သူတို့ တော်တော် ညွှန်ကြားနေပါတယ်။

“ဖြစ်လာရင် အားလုံး စုပေါင်းပြီးတော့ ရင်ဆိုင်ဖြေရှင်းကြမယ်ဆိုတဲ့ အလေ့အထ တခုတော့ ကျနော်တို့ ရထားပါတယ်။ နျူကလီးယား ထိတ်လန့်မှုနဲ့ ငလျင်ထိတ်လန့်မှု ၂ ခုစလုံး ကြုံနေရတဲ့ အခါကျတော့ တိုကျိုမှာရှိတဲ့ ဂျပန်လူမျိုးတွေကရော၊ မြန်မာလူမျိုးတွေရော တော်တော် အထိတ်ထိတ် အလန့်လန့်နဲ့ နေနေကြရပါတယ်။”

တိုကျိုမှာရှိတဲ့ တိုကျို မြန်မာသံရုံး ဝက်ဘ်ဆိုက်ဒ်မှာတော့ မနေ့ ၁၅ ရက်နေ့ နေ့လယ်ပိုင်းကစလို့ ရုံးလုပ်ငန်းတွေ ပုံမှန် အလုပ်လုပ်နေပြီလို့ ကြေညာပါတယ်။ ဒါပေမဲ့ ဘာကြောင့် သံရုံးပိတ်ထားခဲ့သလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ ငလျင်လှုပ်ခတ်ချိန် လိုက်နာဆောင်ရွက်သင့်တဲ့ အခြေအနေများကို ကြေညာပေးထားပြီး ပြီးခဲ့တဲ့ ငလျင်ကာလနောက်ပိုင်း တယ်လီဖုန်းလိုင်းတွေ မကောင်းတာကြောင့် မြန်မာလူမျိုးတွေကို ကိုယ်တိုင် ဆက်သွယ်လို့ မရခဲ့ဘူးလို့လည်း အဲဒီဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြပါတယ်။ ဒါ့အပြင် အရေးပေါ် အကူအညီ လိုအပ်ရင်လည်း ဆက်သွယ်နိုင်တဲ့ ဖုံးနံပါတ် ဖော်ပြထားပါတယ်။

ဂျပန်နိုင်ငံတွင်းက မြန်မာနိုင်ငံသားတွေထဲမှာ အစိုးရ အစီအစဉ်နဲ့ တရားဝင် လာကြတဲ့ ကျောင်းသားတွေ၊ ဝန်ထမ်းတွေအပြင် အလုပ်လာလုပ်ကြသူတွေလည်း ရှိပါတယ်။ အလုပ်လုပ်သူ ဂျပန်ရောက် မြန်မာအများစုကတော့ ဂျပန်နိုင်ငံမှာ နိုင်ငံရေး ခိုလှုံခွင့်နဲ့ နေသူတွေ ဖြစ်ကြပါတယ်။

XS
SM
MD
LG