သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်ရင်းနှီးမြှုပ်နှံရေး မြန်မာသံအမတ် တိုက်တွန်း


ဂျပန်ရင်းနှီးမြှုပ်နှံရေး မြန်မာသံအမတ် တိုက်တွန်း
ဂျပန်ရင်းနှီးမြှုပ်နှံရေး မြန်မာသံအမတ် တိုက်တွန်း

မြန်မာနိုင်ငံမှာ အစိုးရသစ် ပြောင်းသွားပြီဖြစ်လို့ မြန်မာပြည်ထဲ လာပြီး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ကြဖို့ ဂျပန်ကုန်သည်ကြီးတွေကို ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။ အဲဒီလို တိုက်တွန်းလိုက်ပေမဲ့ ဂျပန်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒနဲ့ မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခြေအနေတွေကြောင့် အကြီးစား ကုန်ထုတ်လုပ်ငန်း ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ကြမှာ မဟုတ်ဘူးလို့ လေ့လာ သုံးသပ်သူတွေက ပြောကြပါတယ်။ အပြည့်အစုံကို စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။

မြန်မာသံအမတ်သစ် ဦးခင်မောင်တင့်က အစိုးရသစ် ပြောင်းသွားပြီဖြစ်လို့ စီးပွားရေး လုပ်ငန်းရှင်တွေ လာရောက် ရင်းနှီးမြှုပ်နှံကြဖို့ တိုကျို ကုန်သည်ကြီးများ အသင်းမှာ ဒီကနေ့မနက်ပိုင်း ဟောပြောခဲ့တာပါ။ အခုပြောဆိုမှုဟာ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီး ဂျပန်မှာ တာဝန်ယူရတဲ့ မြန်မာသံအမတ် တယောက်ရဲ့ ပထမဆုံးအကြိမ် ပြောဆိုမှုလည်း ဖြစ်ပါတယ်။

မြန်မာ့အရေး သုံးသပ်သူ ဂျပန်လူမျိုး ဦးရွှေဘကတော့ အခုလို ဆွဲဆောင်တယ် ဆိုပေမဲ့ ထင်သလောက် မလွယ်ဘူးလို့ ဆိုပါတယ်။

“တချို့ စီးပွားရေးသမား ဆိုရင်တော့ အခွင့်ကောင်းကိုရှာပြီး စူးစမ်းတဲ့သဘော အနေနဲ့ မြန်မာပြည်မှာ အန္တရာယ် ရှိပေမဲ့ အမြတ်ရဖို့ အလားလာရှိတယ် ဆိုပြီး ရင်နှီးမြှုပ်နှံဖို့ အလားအလာရှိမယ် ထင်ပါရဲ့။ ဒါပေမဲ့ အစိုးရအနေနဲ့ ဗမာအစိုးရက တကယ့်တကယ် ဒီမိုကရေစီဘက်ကို ဦးတည်တာ မဟုတ်ဘူးဆိုတဲ့ အမြင်ရှိတယ်ဆိုတော့ အစိုးရအနေနဲ့တော့ ဗမာပြည်မှာ အကြီးအကျယ် ရင်းနှီးမြှုပ်နှံဖို့ ဆိုတာမျိုး သိပ်မရှိဘူးလို့ ထင်ပါတယ်။ လုပ်ငန်းရှင်တွေက မြန်မာပြည်ကို တခုခုလုပ်ဖို့ သိပ်မရှိဘူးလို့ ကျနော်ထင်တယ်။ အသေးစားပေါ့နော်၊ အဝတ်အထည်တို့၊ အသေးစား လုပ်ငန်းတွေပဲ မြန်မာပြည်မှာ လုပ်နိုင်မယ် ထင်ပါတယ်။”

အမေရိကန်နဲ့ EU နိုင်ငံတွေကတော့ မြန်မာနိုင်ငံမှာ အစိုးရသစ် ပြောင်းသွားတယ် ဆိုပေမဲ့ ဒီမိုကရေစီ အပြောင်းအလဲတခု မဟုတ်တာကြောင့် ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ မြန်မာအစိုးရသစ်ဟာ သူတို့ကို လက်ခံနိုင်မယ်လို့ ယူဆရတဲ့ စီးပွားရေး အင်အားကြီး နိုင်ငံတွေကို ချဉ်းကပ်လာတယ်လို့လည်း သုံးသပ်မှုတွေ ရှိနေပါတယ်။

တိုကျိုအခြေစိုက် မြန်မာ့ရေးရာရုံး ညွှန်ကြားရေးမှူး ဒေါက်တာမင်းညိုကတော့ ဂျပန်အစိုးရ အနေနဲ့ မြန်မာ့ဒီမိုကရေစီရေးအတွက် မူဝါဒ ချမှတ်ပြီးသားဖြစ်လို့ အစိုးရသစ် တက်လာတယ် ဆိုပေမဲ့ မူဝါဒဆိုင်ရာ ပြောင်းလဲမှုရှိမယ် မထင်ဘူးလို့ သုံးသပ်ပါတယ်။

“ကျနော်ကတော့ မရှိဘူးလို့ ထင်တယ်လေ။ ဂျပန်အစိုးရရဲ့ ပေါ်လစီက မြန်မာပြည်မှာ ဒီမိုကရေစီရအောင် လုပ်တဲ့အချိန်မှာ အတိုက်အခံတွေ အားလုံး ပါရမယ်ဆိုတဲ့ အချက်အလက် ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်တို့၊ NLD တို့၊ တိုင်းရင်းသား ခေါင်းဆောင်တို့၊ နောက်တခါ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးရမယ်ဆိုတဲ့ အချက် ၂ ချက် ရှိပါတယ်။ အဲဒီ ၂ ချက်က သူတို့ လျှော့ရခက်မယ် ထင်တယ်။ အဲဒီ ၂ ချက် မရှိဘဲ လတ်တလော ရင်းနှီးမြှုပ်နှံမှုကို ဂျပန်အစိုးရ အနေနဲ့ အကြီးအကျယ် လုပ်ဖို့ကတော့ ခဲယဉ်းလိမ့်မယ်လို့ ထင်တယ်။”

အခြားတဘက်မှာလည်း ဂျပန်အနေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်မယ်ဆိုရင် အခွင့်အလမ်းတွေ၊ လုပ်သာကိုင်သာရှိတဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေတွေနဲ့ နိုင်ငံရေး တည်ငြိမ်မှုကိုလည်း ထည့်သွင်း စဉ်းစားတာကြောင့် ဒါတွေကို ပြောင်းလဲဖို့ လိုတယ်လို့လည်း သုံးသပ်မှုတွေ ရှိနေပါတယ်။

ဒါကြောင့်ပဲ ဒီအချိန်မှာ ဂျပန်က ရင်းနှီးမြှုပ်နှံမှုရှိမယ် ဆိုရင်တောင်မှ ကြီးကြီးမားမားရှိမယ် မထင်ဘူးလို့ ဒေါက်တာမင်းညိုက ဆိုပါတယ်။

“သူတို့ လာလုပ်ရင်လည်း လူအင်အား အားကိုးရတဲ့အဆင့် အလုပ်မျိုးပဲ လာမယ်လေ။ ပညာပိုင်းနဲ့ဆိုင်ရာ လုပ်တဲ့ အလုပ်တွေကျတော့ ရင်းနှီးမြှုပ်နှံမှုက ပိုကြီးတာပေါ့။ အဲလိုလုပ်ငန်းတွေလည်း လာမှာမဟုတ်ဘူး။ အခုလို အခြေအနေမျိုးနဲ့ ဗမာပြည်မှာ လာလုပ်လည်း ပြောရရင် ရှုံးဖို့ရာပဲ ရှိတယ်လေ။”

ဂျပန်ဟာ မြန်မာနိုင်ငံမှာ အမေရိကန်ဒေါ်လာ ၂၀၅ သန်းနီးပါး ရင်းနှီးမြှုပ်နှံထားပြီး ဒါဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံတွေထဲ အဆင့် ၁၂ ရှိတဲ့နိုင်ငံ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကဏ္ဍ အားလုံးနီးပါးဟာ လူအများအပြားကို အလုပ်အကိုင်၊ အခွင့်အလမ်း ပေးနိုင်တဲ့ ထုတ်ကုန်လုပ်ငန်းတွေမှာ မဟုတ်ဘဲ ရေနံ၊ သဘာဝဓာတ်ငွေ့၊ ဓာတ်သတ္တုတို့လို သဘာ၀ သယံဇာတ ထုတ်ယူတဲ့ လုပ်ငန်းတွေ ဖြစ်ပါတယ်။

XS
SM
MD
LG