သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်ဒုဝန်ကြီးချုပ် သမ္မတဦးသိန်းစိန်နဲ့တွေ့ဆုံ


ဂျပန်ဒုဝန်ကြီးချုပ် မစ္စတာတာရိုအာဇို နဲ့ မြန်မာသမ္မတ ဦးသိန်းစိန် နေပြည်တော်တွင် တွေ့ဆုံစဉ်။ (သတင်းမှတ်တမ်း- သမ္မတရုံး)
ဂျပန်ဒုဝန်ကြီးချုပ် မစ္စတာတာရိုအာဇို နဲ့ မြန်မာသမ္မတ ဦးသိန်းစိန် နေပြည်တော်တွင် တွေ့ဆုံစဉ်။ (သတင်းမှတ်တမ်း- သမ္မတရုံး)
ဂျပန်အစိုးရသစ်ပြောင်းပေမဲ့ ဂျပန်အစိုးရရဲ့ မြန်မာနိုင်ငံအပေါ် ထားတဲ့ သဘောထားမပြောင်းလဲပဲ အကူအညီတွေကို ဆက်ပေးသွားမယ့်အကြောင်းနဲ့ ရင်းနှီးမြုပ်နှံမှုတွေ ပိုတိုး လုပ်ဆောင်သွားမယ့် အကြောင်း ဂျပန်ဒုဝန်ကြီးချုပ် က မြန်မာသမ္မတနဲ့ တွေ့ဆုံချိန်မှာ ပြောဆိုလိုက်ပါတယ်။ ဂျပန်အစိုးရသစ် ပြောင်းပြီးတဲ့နောက် ပထမဆုံးအကြိမ် အဖြစ် ဂျပန်နိုင်ငံက အကြီးအကဲတစ်ဦး မြန်မာနိုင်ငံကို အခုလိုရောက်ရှိလာတာလည်းဖြစ်ပါတယ်။ ဂျပန်ဒုဝန်ကြီးချုပ်လည်းဖြစ် ဘဏ္ဍာရေးဝန်ကြီးတစ်ဦးလည်းဖြစ်တဲ့ မစ္စတာတာရိုအာဇိုဦးဆောင်တဲ့ ဂျပန်အစိုးရကိုယ်စားလှယ်အဖွဲ့ရဲ့ မြန်မာပြည်ခရီးစဉ်အကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူးကို ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က အပြည့်အစုံ ဆက်ပြောပြပေးပါ့မယ်။

ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဦးဆောင်တဲ့ ဂျပန်အစိုးရသစ်ပြောင်းပြီးမကြာခင်မှာပဲ ဂျပန်ဒုတိယဝန်ကြီးချုပ် တာရိုအာဇိုဦးဆောင်တဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံကို ဇန်နဝါရီလ ၃ရက်နေ့က ရောက်ရှိလာတာဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ အုပ်ချုပ်ရေး အပြောင်းအလဲဖြစ်ပေမယ့်လို့ ဂျပန်အစိုးရရဲ့ မြန်မာနိုင်ငံအပေါ် ထားတဲ့ သဘောထားမပြောင်းလဲပဲ အရင်အစိုးရလက်ထက် နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မယ့်ကိစ္စတွေကို ဆက်ပြီးတော့ လုပ်ဆောင်သွားမှာဖြစ်တယ်ဆိုတာကို ဂျပန်နိုင်ငံ ဒုတိယဝန်ကြီးချုပ် တာရိုအာဇိုက မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ နေပြည်တော်မှာ တွေ့ဆုံစဉ်မှာ ပြောကြား သွားခဲ့တယ်လို့ မြန်မာသမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးကပြောပါတယ်။

“အခုက သူတို့ အစိုးရပြောင်းပြီးတဲ့နောက်၊ ဒုတိယဝန်ကြီးချုပ်ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့လာပြီးတော့ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်ဖို့ ချမှတ်ထားတာတွေကို ဆက်လက်ဆောင်ရွက်သွားမယ်ဆိုတာပေါ့။ အဓိကကတော့ ဂျပန်က အစိုးရအပြောင်းအလဲဖြစ်သွားပေမယ့်လည်း မူလကတည်းက လုပ်ဆောင်နေတာတွေကို အရှိန်အဟုန်မပျက် ဆက်လက်လုပ်ဆောင်ဖို့ အပြင် ထပ်ပြီးတော့ မြှင့်တင်ဖို့၊ ပူးပေါင်းဆောင်ရွက်ဖို့ ဂျပန်နိုင်ငံက ထောက်ပံ့ကူညီမှုတွေကို တိုးမြှင့်ဖို့ အဓိကကတော့ အဲ့တာပါ။”

ဂျပန်အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ မြန်မာသမ္မတတွေ့ဆုံချိန်မှာ မြန်မာနိုင်ငံရဲ့ အုပ်ချုပ်မှုနည်းစနစ် ပိုပြီးတော့ကောင်းမွန်ရေး၊ နောက်ပြီးတော့ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူတွေရဲ့ လူနေမှုဘဝမြင့်မားတိုးတက်ရေးတွေအတွက် ကျန်းမာရေး၊ ပညာရေးစတဲ့ အခြေခံအဆောက်အအုံတွေ တည်ဆောက်ရေးဆိုင်ရာ စီမံချက်တွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို ဆက်ပြီးတော့ ကူညီပေးသွားမှာဖြစ်တဲ့အကြောင်း ဆွေးနွေးခဲ့ကြတယ်လို့လည်း မြန်မာသမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက ပြောပါတယ်။

“အဓိကကတော့ ကျနော်တို့နိုင်ငံရဲ့ အုပ်ချုပ်ရေးပေါ့နော်၊ အုပ်ချုပ်ရေးစနစ်ပိုကောင်းဖို့၊ နောက် တိုင်းရင်းသားနဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဲ့တာ ဂျပန်ဘက်က ဆောင်ရွက်ပေးမယ်ပြောတယ်။ စက်မှုလုပ်ငန်းတွေ၊ ဥပဒေရေးရာတွေ၊ နောက်ရင်းနှီးမြုတ်နှံမှုတွေ တိုးမြှင့်ဆောင်ရွက် ဖို့ နောက်တိုင်းရင်းသားဒေသတွေမှာ ဖွံ့ဖြိုးတိုးတက်ရေး၊ ကူညီထောက်ပံ့ရေး၊ လူမှုရေးမှာ ကျန်းမာရေး၊ ယဉ်ကျေးမှုမှာ ပူးပေါင်းဆောင်ရွက်ရေး၊ ကဏ္ဍစုံပေါ့။”

မြန်မာနိုင်ငံက ဂျပန်ကို ပေးဖို့ ရှိနေတဲ့ ကြွေးမြီ ဂျပန်ယန်းငွေ ၅၀၀ ဘီလီယံထဲကနေ ဂျပန်အစိုးရသစ်အနေနဲ့ ဂျပန်ယန်းငွေ ဘီလီယံ ၃၀၀ကို ၂၀၁၃ခုနှစ် အတွင်းမှာ ကြွေးမြီလျော်ပေးမှာလည်းဖြစ်ပါတယ်။ ဒီလို ဂျပန်ဘက်က ကြွေးမြီတွေလျော်ပေးမယ့် အစီအစဉ်တွေအပြင် မြန်မာနိုင်ငံတွင်းက တိုင်းရင်းသားဒေသတွေ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ တည်ဆောက်နိုင်ဖို့အတွက်ကိုလည်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းဦးဆောင်တဲ့ ငြိမ်းချမ်းရေးအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ကိုလည်း စီစဉ်လုပ်ဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။

“ဝန်ကြီးဦးအောင်မင်းဦးဆောင်တဲ့ Peace Center ကနေ အဲ့တာတွေကို တာဝန်ခံပြီး လုပ်နေတာပါ။ အဓိကကတော့ တိုင်းရင်းသားအဖွဲ့အစည်းတွေကို တိုက်ရိုက်ပံ့ပိုးကူညီတာပါ။”

နောက်ပြီးတော့ ဂျပန်-မြန်မာ နှစ်နိုင်ငံကြား စက်မှုလက်မှုလုပ်ငန်းကဏ္ဍတွေမှာ ဂျပန်ဘက်က ရင်းနှီးမြှပ်နှံမှုတွေ ပိုတိုးမြှင့်လုပ်ဆောင်ပြီး အဓိက စက်မှုကုန်ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ နည်းပညာဆိုင်ရာ ကူညီထောက်ပံ့မှု တွေကိုလည်း ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။

နောက်ပြီးတော့ မြန်မာနိုင်ငံရဲ့ လမ်းပမ်းဆက်သွယ်ရေးဆိုင်ရာ ပို့ဆောင်ရေးလုပ်ငန်းကိုလည်း ပိုအဆင့်မြင့်လာအောင် ကူညီပံ့ပိုးပေးမှာဖြစ်ပြီး မြန်မာပြည်သူလူထု အဓိကလိုအပ်နေတဲ့ သောက်သုံးရေ၊ လျှပ်စစ်မီး၊ ယဉ်ကျေးမှု၊ ကျမ်းမာရေး၊ ပညာရေးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေမှာ လည်း ကူညီထောက်ပံ့ပေးမှာဖြစ်တဲ့အကြောင်း ဂျပန်ဒုဝန်ကြီးချုပ်က မြန်မာသမ္မတကို ကတိပေးပြောဆိုခဲ့တယ်လို့ သမ္မတရုံးညွှန်မှူးဦးဇော်ဌေးကပြောပါတယ်။

အရင်မြန်မာစစ်အစိုးရလက်ထက် ဂျပန်-မြန်မာဆက်ဆံရေး အေးစက်မှုတွေ ရှိခဲ့ပေမယ့် အခုလက်ရှိ အရပ်သားအစိုးရ လက်ထက်မှာ အခုတက်လာတဲ့ ဂျပန်အစိုးရသစ်နဲ့ ဦးသိန်းစိန်အစိုးရတို့ကြား နားလည်မှုတွေနဲ့ သဘောတူညီမှုတွေ ပိုပြီးတော့ တိုးလုပ်ဆောင်နိုင်ဖို့ အလားအလာကောင်းတွေလည်း ဆွေးနွေးခဲ့ကြတယ်လို့ ပြောပါတယ်။

ဂျပန်ဒုဝန်ကြီးချုပ် မစ္စတာ တာရိုအာဇိုဦးဆောင်တဲ့ ဂျပန်အစိုးရသစ် ကိုယ်စားလှယ်အဖွဲ့နဲ့ မြန်မာသမ္မတဦးသိန်းစိန်တို့ နှစ်နိုင်ငံကြား ရှေ့ဆက်လုပ်ဆောင်မဲ့စီမံကိန်းတွေ ဆွေးနွေးကြတဲ့ တွေ့ဆုံပွဲကို မြန်မာဘက်က ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ သမ္မတရုံးဝန်ကြီး၊ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီး၊ အမျိုးသားစီမံကိန်းနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနတွေက ပြည်ထောင်စုဝန်ကြီးတွေ အပါအဝင် နိပွန်ဖောင်ဒေးရှင်းနဲ့ ဂျပန်-မြန်မာချစ်ကြည်ရေးအသင်း အကြီးအကဲတွေပါ တက်ရောက်ခဲ့ကြပါတယ်။
XS
SM
MD
LG