သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဓါတ်ရောင်ခြည်ယိုစိမ့်မှု စောင့်ကြည့်ဖို့ ဂျပန်ဝန်ကြီးချုပ်သတိပေး


ဓါတ်ရောင်ခြည်ယိုစိမ့်မှု စောင့်ကြည့်ဖို့ ဂျပန်ဝန်ကြီးချုပ်သတိပေး
ဓါတ်ရောင်ခြည်ယိုစိမ့်မှု စောင့်ကြည့်ဖို့ ဂျပန်ဝန်ကြီးချုပ်သတိပေး

ဂျပန်နိုင်ငံ ဖူကူရှီးမားခရိုင်က အမှတ် (၁) လျှပ်စစ်ဓါတ်အားပေးစက်ရုံရဲ့ နံပါတ် (၃) အနုမြူဓါတ်ပေါင်းဖို အတွင်းပိုင်းဟာ လုံးဝပျက်စီးသွားဖွယ်ရှိတယ် ဆိုတဲ့သတင်းကြောင့် ဒီဓါတ်ပေါင်းဖိုရဲ့ အန္တရာယ်ရှိတဲ့ အနေအထားဟာ မြင့်မားနေဆဲဖြစ်တယ်လို့ ဒီကနေ့ ဝန်ကြီးချုပ် နာအိုးတိုးခန် (Naoto Kan) က ရုပ်မြင်သံကြားကနေ တိုင်းပြည်ကို ပြောကြားသွားခဲ့ပါတယ်။ ဒီကနေ့ ရေဒီယိုသတ္တိကြွရောင်ခြည်တွေ ပျံ့လွှင့်မှုမြင့်တက်လာ နေတာကြောင့် ဂျပန်တနိုင်ငံလုံး သတိဝီရိယနဲ့ ရှိနေကြရမယ်လို့လည်း ဝန်ကြီးချုပ် ခန်က ပြောပါတယ်။

ဂျပန်အစိုးရဝန်ကြီးအဖွဲ့ အတွင်းဝန်ချုပ် ယူခိယို အဲဒနို (Yukio Edano) ကလည်း ဒီဓါတ်ပေါင်းဖိုရဲ့ ၁၂ မိုင်ကနေ ၁၈ မိုင်ပတ်လည်အတွင်း နေထိုင်ကြသူတွေ ရွှေ့ပြောင်းသွားကြဖို့ တိုက်တွန်းပြောကြားလိုက်ပါတယ်။

မတ်လ ၁၁ ရက်နေ့က ငလျင်နဲ့ဆူနာမီ ရေလှိုင်းကြီးတွေ ရိုက်ခတ်ခံခဲ့ရပြီးတဲ့နောက်ပိုင်း ၃ ရက်အကြာမှာ ဖူကူရှီးမားခရိုင် အမှတ် (၁) လျှပ်စစ်ဓါတ်အားပေးစက်ရုံက နံပါတ် (၃) အနုမြူဓါတ်ပေါင်းဖိုရဲ့ အတွင်းပိုင်းဟာ ဟိုက်ဒရိုဂျင် ဓါတ်ငွေ့ပေါက်ကွဲမှုကြောင့် လုံးဝပျက်စီးသွားဖွယ်ရှိတယ်လို့ ဂျပန်နျူကလီးယားနဲ့ စက်မှုလုပ်ငန်းများ လုံခြုံရေးအေဂျင်စီ ဒုတိယညွှန်ကြားရေးမှူး ဟိဒဲဟိကို နိရှိယာမ (Hidehiko Nishiyama) က ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံ ဖူဂျီယန် ပြည်နယ် (Fujian Province) ဂျားမင်း (Xiamen) မြို့ သင်္ဘောဆိပ်ကိုရောက်ရှိလာတဲ့ ကမ္ဘာလှည့်သင်္ဘောကြီးပေါ်က ဂျပန်ခရီးသည် ၂ ဦးဟာ ရေဒီယိုသတ္တိကြွ ဓါတ်ရောင်ခြည်တွေ အလွန်အမင်းကျရောက်နေတာ တွေ့ရှိရပြီးတော့ သူတို့ကို အထူးဆေးရုံတရုံမှာ ဆေးစစ်မှုတွေ လုပ်နေတယ်လို့လည်း ဒီကနေ့ တရုတ်အာဏာပိုင်တွေက ပြောပါတယ်။ ဂျပန်ခရီးသည် ၂ ဦးရဲ့ ခရီးဆောင်သေတ္တာတွေနဲ့ ဝတ်ထားတဲ့အဝတ်တွေပေါ်မှာ ကျရောက်နေတဲ့ ရေဒီယိုသတ္တိကြွ ဓါတ်ရောင်ခြည်တွေရဲ့ အန္တရာယ်ရှိမှုအဆင့်ဟာ သိပ်မြင့်လွန်းတယ်လို့လည်း တရုတ်အာဏာပိုင်တွေက ဆိုပါတယ်။

နိုင်ငံတကာက သင်္ဘောလိုင်းတချို့ကလည်း သူတို့ရဲ့ ကုန်သင်္ဘောတွေကို တိုကျိုပင်လယ်အော်ထဲက အဓိကအကျဆုံး ယိုကိုဟားမား (Yokohama) တို့ကို အဝင်အထွက်မလုပ်ကြဖို့ ညွှန်ကြားထားပါတယ်။

XS
SM
MD
LG