သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်နျူကလီးယားအရေး အထူးစိုးရိမ်နေရဆဲ


ဂျပန်နျူကလီးယားအရေး အထူးစိုးရိမ်နေရဆဲ

ဂျပန်နိုင်ငံက ရေဒီယိုသတ္တိကြွဓါတ်တွေ ပျံ့နှံနေတဲ့ ဖူကူရှီးမား နျူကလီးယား ဓါတ်အားပေးစက်ရုံရဲ့ အခြေအနေဟာ အခုထိ အထူးစိုးရိမ်ရတဲ့ အနေအထားမှာရှိနေတယ်လို့ ကုလသမဂ္ဂက သတ်မှတ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ပြောပါတယ်။ စက်ရုံလုပ်သားတွေဟာ ငလျင်နဲ့ ဆူနာမီရေလှိုင်းဒဏ်ခံခဲ့ရတဲ့ စက်ရုံကအန္တရာယ်တွေကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေကြဆဲပါ။ နျူကလီးယား ပြဿနာဖြေရှင်းရေးနဲ့ ပြန်လည်တည်ဆောက်ရေးတွေအတွက် ကုလသမဂ္ဂက အနီးကပ် ပူးပေါင်း ဆောင်ရွက်ဖို့ အသင့်ပဲလို့လည်း ပြောပါတယ်။

ဒါ့အပြင် နိုင်ငံတကာအသိုက်အ၀ိုင်း အနေနဲ့ နျူကလီးယားအန္တရာယ် စိတ်ချရရေးဆိုင်ရာ စည်းမျဉ်းဥပဒေနဲ့ အန္တရာယ်ကျရောက်ရင် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာတွေကို တိတိကျကျ လိုက်နာဖို့ အပြန်အလှန် စစ်ဆေးမှုတွေလုပ်ဖို့ပါ တောင်းဆိုလိုက်ပါတယ်။

ရေဒီယိုသတ္တိကြွဓါတ်ပါဝင်တဲ့ အမှုန်တွေဟာ စက်ရုံပတ်လည် ၁၈ မိုင်ဇုံထက် ကျော်ပြီး ပျံ့လွှင့်နေတာ တွေ့ရတယ်လို့ ကုလသမဂ္ဂ အနုမြူစွမ်းအင်အဖွဲ့က သတိပေးလိုက်ပါတယ်။ ဒါပေမဲ့ စက်ရုံကနေ ၂၅ မိုင်အကွာမှာရှိတဲ့ ရွာတရွာမှာ စမ်းသပ်ကြည့်တာမှာ ရေဒီယိုသတ္တိကြွဓါတ် ပါဝင်နှုန်း လျော့ပါးနေတာ တွေ့ရတယ်လို့ ဆိုပါတယ်။

နျူကလီးယား အန္တရာယ်ကြောင့် နေရပ်ကနေ ရွှေ့ပြောင်းပေးရသူတွေ အိမ်ပြန်နိုင်ဖို့ ချိန်အတော်ကြာ ဦးမယ်လို့ ဂျပန်အစိုးရပြောခွင့်ရ ယုခိုယိုအီတာနိုက ပြောပါတယ်။

တဆက်တည်းမှာပဲ စက်ရုံဝန်းကျင်က မြေအောက်ရေတွေမှာ ရေဒီယိုသတ္တိကြွဓါတ် ပါဝင်နှုန်း အဆပေါင်းများစွာ မြင့်မားနေတယ်လို့ဆိုပါတယ်။ ဂျပန်ဝန်ကြီးချုပ် နာအိုးတိုးခန်ကတော့ တည်ဆောက်ရေးနဲ့ ပြန်လည်နေရာချထားရေးအတွက် အစိုးရ အသုံးစရိတ် ထပ်ပြီးချပေးဖို့ လုပ်ဆောင်မယ်လို့ ပြောပါတယ်။ ဒါ့အပြင် စက်ရုံတာဝန်ခံ TEPCO ကုမ္ပဏီဟာ ဆူနာမီရေလှိုင်းဒဏ်ခံနိုင်တဲ့ ကာကွယ်ရေးစနစ် မထားနိုင်ဘူးလို့ ဝေဖန်ပြစ်တင်လိုက်ပြီး သတ်မှတ်ဇုံပြင်ပမှာ ဓါတ်ရောင်ခြည် စိတ်ချရတယ်လို့ အာမခံလိုက်ပါတယ်။

XS
SM
MD
LG