သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပျက်စီးသွားတဲ့ ဓာတ်ပေါင်းဖိုတွေ လျှပ်စစ်ဓာတ်ပေးဖို့ ဂျပန်ကြိုးပမ်း


ပျက်စီးသွားတဲ့ ဓာတ်ပေါင်းဖိုတွေ လျှပ်စစ်ဓာတ်ပေးဖို့ ဂျပန်ကြိုးပမ်း
ပျက်စီးသွားတဲ့ ဓာတ်ပေါင်းဖိုတွေ လျှပ်စစ်ဓာတ်ပေးဖို့ ဂျပန်ကြိုးပမ်း

ဂျပန်နိုင်ငံမြောက်ပိုင်း ငလျင်နဲ့ ဆူနာမီဒဏ်တွေ အကြီးအကျယ် ခံခဲ့ရတဲ့ဒဏ်ကြောင့် သေဆုံးသူနဲ့ ပျောက်ဆုံး အရေအတွက်ဟာ ၂၀,၀၀၀ ကျော်သွားပြီလို့ ပြောဆိုနေတဲ့ အချိန်မှာပဲ နျူကလီးယား ဓာတ်အားပေးစက်ရုံ အတွင်းက ဓာတ်ပေါင်းဖိုတွေကို လျှပ်စစ်မီး သွယ်နိုင်ဖို့အတွက် အင်ဂျင်နီယာတွေ ကြိုးပမ်းနေကြတယ်လို့ ဂျပန် သတင်းမီဒီယာတွေမှာ တနင်္ဂနွေနေ့က ဖော်ပြကြပါတယ်။

ဖူကူရှီးမား ဒိုင်အိချိ (Fukushima Dai-ichi) နျူကလီးယား လျှစ်စစ်ဓာတ်အားပေးစက်ရုံ အတွင်းမှာရှိတဲ့ ဓာတ်ပေါင်းဖို ၁ နဲ့ ၂ တို့က စက်ပစ္စည်းတွေ ပုံမှန်ရှိမရှိ တိုကျို လျှပ်စစ်ဓာတ်အား ကုမ္ပဏီက လုပ်သားတွေ စစ်ဆေးနေကြတဲ့အကြောင်း ဂျပန် ရုပ်မြင်သံကြား သတင်းတွေက ပြောပါတယ်။

နျူကလီးယား လောင်စာပြွန်တွေ အန္တရာယ်ကြီးစွာ ပူနေတာကို တားဆီးနိုင်ဖို့ အဲဒီအတွက် လေအေးစက်တွေကို လျှပ်စစ်မီး သွယ်နိုင်အောင် အင်ဂျင်နီယာတွေက ကြိုးပမ်းနေကြတာလို့ ဆိုပါတယ်။ လျှပ်စစ်မီးသာ ပြန်သွယ်လိုက်နိုင်ရင် အထဲက အခြေအနေတွေ ဘယ်လိုရှိတယ် ဆိုတာကို သိနိုင်ဖို့အတွက် ဒေတာ အချက်အလက်တွေ ယူနိုင်မယ်လို့ တိုကျို လျှပ်စစ်ကုမ္ပဏီ TEPCO က ပြောပါတယ်။

ဓာတ်ပေါင်းဖို အမှတ် ၃ နဲ့ ၄ နေရာတို့ကို လျှပ်စစ်မီး ရနိုင်ဖို့ အတွက်လည်း အပြင်ကနေပတ်ပြီး ကြိုးနဲ့သွယ်နိုင်ဖို့ ကြိုးစားနေတယ်လို့ ကုမ္ပဏီက ပြောပါတယ်။

ဒီ နျူကလီးယား ဓာတ်အားပေး စက်ရုံကို ဖျက်ဆီးပစ်ရမယ်လို့ ဂျပန်အစိုးရ ဝန်ကြီးအဖွဲ့ အတွင်းဝန် ယူကီအို အီဒါနို (Yukio Edano) က တနင်္ဂနွေနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ ပျက်စီးမှုက ကြီးလွန်းတဲ့အတွက် အဲဒီ ဓာတ်အားပေး စက်ရုံကို ပြန်ဆောက်ဖို့ မဖြစ်နိုင်တော့ဘူးလို့ သူက ဆိုပါတယ်။

ဒီအတောအတွင်း မတ်လ ၁၁ ရက်နေ့က လှုပ်ခဲ့တဲ့ ငလျင်နဲ့ နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ ဆူနာမီဒဏ်ကြောင့် ပျောက်ဆုံးသူနဲ့ သေဆုံးသူ အရေအတွက်ဟာ ၂၁,၀၀၀ ကျော်သွားပြီလို့ ဂျပန်ရဲဌာနက ပြောပါတယ်။ တိုင်းပြည် အနောက်မြောက်ပိုင်း ဆူနာမီဒဏ်ကို အကြီးမားဆုံး ခံခဲ့ရတဲ့ မီယာဂီ (Miyagi) ခရိုင်အတွင်းမှာတင် သေဆုံးသူ အရေအတွက်ဟာ ၁၅,၀၀၀ ကျော်နိုင်တယ်လို့ ရဲက ခန့်မှန်းထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG