သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်မှာ ရေဒီယို ဓာတ်သတ္တိကြွရောင်ခြည် အန္တရာယ် ပိုကြီးမားလာနိုင်


ဂျပန်မှာ ရေဒီယို ဓာတ်သတ္တိကြွရောင်ခြည် အန္တရာယ် ပိုကြီးမားလာနိုင်
ဂျပန်မှာ ရေဒီယို ဓာတ်သတ္တိကြွရောင်ခြည် အန္တရာယ် ပိုကြီးမားလာနိုင်

ဂျပန်နိုင်ငံမှာ လောင်ကျွမ်းနေတဲ့ နျူကလီးယားစက်ရုံက ထွက်လာမယ့် ရေဒီယို ဓာတ်သတ္တိကြွမှု အဆင့်တွေက အလွန်ပြင်းထန်လိမ့်မယ်လို့ အမေရိကန် နျူကလီးယားရေး ကျွမ်းကျင်သူတွေက ပြောနေကြပါတယ်။

ဂျပန်နိုင်ငံမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေ လောင်ကျွမ်းနေတဲ့ နျူကလီးယား စက်ရုံကနေ အနည်းဆုံး ကီလိုမီတာ ၈၀၊ မိုင်နဲ့ဆိုရင် မိုင် ၅၀ လောက် အကွာအဝေးမှာ နေကြဖို့၊ ဘေးကင်းရာကို ပြောင်းရွှေ့ထားကြဖို့ တိုကျိုမြို့တော်မှာရှိတဲ့ အမေရိကန်သံရုံးက သတိပေးနေပါတယ်။

ဂျပန်အစိုးရကတော့ သူ့နိုင်ငံသားတွေကို မီးလောင်နေတဲ့ ဖူကူရှီးမား ဒိုင်းအိချိ နျူကလီးယား စက်ရုံကနေ ကီလိုမီတာ ၃၀ အထိ ဝေးအောင်နေကြဖို့ သတိပေးနေတာပါ။

ဝါရှင်တန်ဒီစီက အမေရိကန် နျူကလီးယား စည်းကမ်းထိန်းသိမ်းရေး ကော်မရှင် အကြီးအကဲ ဂရက်ဂိုရီ ဂျက်ကိုက နျူကလီးယားစက်ရုံ တဝိုက်မှာ ရိုက်ခတ်လာမယ့် ရေဒီယို ဓာတ်သတ္တိကြွမှုတွေက အလွန်ပြင်းထန်လာနိုင်တယ်၊ နျူကလီးယား စက်ရုံတခုမှာ လောင်ကျွမ်းနေတဲ့ နျူကလီးယား လောင်စာချောင်းတွေကို အေးအောင် ငြှိမ်းသတ်ဖို့ ရေပြတ်သွားတဲ့သဘော ရှိနေပြီ၊ တခုခုဖြစ်လာရင် ပြုပြင်ဖို့အတွက် အခြေအနေက သိပ်ကို ခက်ခဲသွားပြီလို့ ဆိုပါတယ်။

သုံးပြီးသား နျူကလီးယား လောင်စာချောင်းတွေတောင်မှ သီတင်းပတ်တွေ၊ လတွေနဲ့ချီပြီး အပူရှိန် ပြင်းထန်နေတာလို့ အမေရိကန် နျူကလီးယား ကော်မရှင် အကြီးအကဲက အမေရိကန် အောက်လွှတ်တော် အမတ်တွေကို မနေ့ကပဲ ပြောခဲ့တာပါ။

အခြေအနေတွေက သိပ်ပြီး ဆိုးလာနေတယ် ဆိုပေမဲ့လည်း နျူကလီးယား စက်ရုံထဲမှာ အရေးပေါ် ဂျပန်အလုပ်သမား ၅၀ လောက်ကတော့ တတ်စွမ်းသမျှ အခြေအနေတွေကို ထိန်းချုပ်နိုင်ဖို့ အခုချိန်ထိ ကြိုးစားနေကြတုန်းပါ။

ဂျပန်နိုင်ငံမှာ အစားအသောက်၊ လောင်စာနဲ့ ရေတွေ ပြတ်တောက်လာနေပါတယ်။ အရေးပေါ်စခန်းတွေမှာ အိမ်ယာမဲ့သွားတဲ့ လူတွေနဲ့ ပြည့်နေတာပါ။ တချို့နေရာမှာ လူတွေ မဆန့်အောင် ဖြစ်နေပါတယ်။

နောက်ဆက်တွဲ ငလျင်တွေကလည်း ဆက်ပြီး လှုပ်နေပါတယ်။ မနေ့တုန်းကလည်း နှင်းတွေ အကြီးအကျယ် ကျလာလို့ အဲဒီဒေသမှာ အနွေးဓာတ် ရဖို့ကလည်း အခက်အခဲ ကြုံနေရပါတယ်။

ဂျပန် ကြက်ခြေနီအသင်းက လုပ်အားပေး ၂,၀၀၀,၀၀၀ ကျော်က ဒုက္ခသည်တွေကို အကူအညီ ပေးနေကြတယ်လို့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့က ပြောပါတယ်။ နိုင်ငံတကာကိုလည်း ဝိုင်းပြီး အကူအညီ ပေးကြဖို့ ကမ်းလှမ်းထားပါတယ်။

XS
SM
MD
LG