သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန် နျူကလီးယား လုပ်သား ၂ ဦး ဆေးရုံတင်


ဂျပန် နျူကလီးယား လုပ်သား ၂ ဦး ဆေးရုံတင်

ဂျပန်နိုင်ငံက ဓာတ်ရောင်ခြည် အန္တရာယ် ရှိနေတဲ့ နျူကလီးယား ဓာတ်ပေါင်းဖို တခုမှာ အရေးပေါ် အလုပ်သမား ၂ ယောက်ရဲ့ ခြေထောက်တွေ ဓာတ်ရောင်ခြည် ပမာဏ အမြောက်အမြားနဲ့ ထိတွေ့မိပြီး အရေပြားပေါ်မှာ အနာတွေ ဖြစ်သွားတဲ့အတွက် ဆေးရုံတင်လိုက်ရတယ်လို့ ဂျပန် တာဝန်ရှိသူတွေက ပြောပါတယ်။

ဖူကူရှီးမား (Fukushima) နျူကလီးယား ဓာတ်အားပေး စက်ရုံထဲက အန္တရာယ် အရှိဆုံးလို့ သတ်မှတ်ထားတဲ့ အမှတ် ၃ ဓာတ်ပေါင်းဖိုရဲ့ အအေးခံစက်ကို ပြင်ဆင်နေစဉ်မှာ အလုပ်သမား ၃ ယောက်ဟာ အန္တရာယ်များတဲ့ ရေဒီယို သတ္တိကြွ ဓာတ်ရောင်ခြည်တွေနဲ့ ထိတွေ့မိတယ်လို့ ဂျပန်အစိုးရ အတွင်းဝန်ချုပ်က ပြောပါတယ်။

ဓာတ်ပေါင်းဖို မြေအောက်ခန်းထဲမှာ သူတို့ ၃ ယောက်က ဓာတ်ကြိုးတွေကို သွယ်တန်းနေစဉ်မှာ ဓာတ်ရောင်ခြည် သင့်နေတဲ့ ရေတွေကို ၂ ယောက်က တက်နင်းမိပြီး သူတို့ခြေထောက်တွေကို ထိသွားခဲ့ကြတာ ဖြစ်တယ်လို့ အတွင်းဝန်ချုပ် ယူကီအို အီဒါနို (Yukio Edano) က ပြောပါတယ်။

စက်ရုံဝန်ထမ်း ၂ ယောက်ကို ဓာတ်ရောင်ခြည်သင့် လူနာတွေကို ကုသဖို့ လုပ်ထားတဲ့ ဆေးရုံဆီ ပို့လိုက်တယ်လို့ စက်ရုံ ပြောခွင့်ရသူက ပြောပါတယ်။

လွန်ခဲ့တဲ့ သီတင်း ၂ ပတ်က ပြင်းထန်တဲ့ ငလျင်နဲ့ ဆူနာမီ ဒီလှိုင်းလုံးကြီးတွေကြောင့် စက်ရုံထဲက ဓာတ်ပေါင်းဖိုတွေမှာ အအေးခံစနစ် ပျက်သွားခဲ့ပြီး အန္တရာယ်ရှိတဲ့ ဓာတ်ရောင်ခြည်တွေ ယိုစိမ့်ထွက်နေတာပါ။ ဒီအအေးခံစနစ်တွေ ပြန်လည်ပြင်ဆင်မှုကို ဒီနေ့ ကြာသပတေးနေ့ အစောပိုင်းမှာ ပြန်လည် စတင်လုပ်နေတာ ဖြစ်ပါတယ်။

ဒီစက်ရုံကနေ ထွက်နေတဲ့ ဓာတ်ရောင်ခြည်တွေက မိုင်ပေါင်း ၁၀၀ ကျော်ဝေးတဲ့ တိုကျိုမြို့တော်အထိကို ပျံ့နှံ့ ရောက်ရှိနေပြီး ရေပေးဝေရေး စနစ်ထဲမှာ ဓာတ်ရောင်ခြည်သင့် အိုင်အိုဒင်း (Iodine) ဓာတ်တွေ တွေ့ရှိတဲ့အတွက် ကလေးငယ်တွေကို ရေစိမ်းမတိုက်ဖို့ ညွှန်ကြားချက် ထုတ်ခဲ့ရပါတယ်။

စူပါမားကက်တွေမှာ သောက်ရေသန့်တွေကို အလုအယက် ဝယ်နေကြလို့ ရေတွေ ပြတ်နေပါတယ်။ အစိုးရကတော့ ၁ နှစ်အောက် ကလေးငယ်တွေရှိတဲ့ မိသားစုတွေအတွက် သောက်ရေသန့် ပုလင်းပေါင်း ၂၄၀,၀၀၀ ကို သက်ဆိုင်ရာက စတင် ဖြန့်ဝေပေးနေပါတယ်။

ဒီကနေ့မှာ ရေထဲက ဓာတ်ရောင်ခြည် ပမာဏ အန္တရာယ် မရှိတော့ပါဘူးလို့ ဂျပန်အစိုးရပိုင် NHK ရုပ်သံက ကြေညာခဲ့ပြီး ကလေးတွေကိုလည်း ရေစိမ်း ပြန်တိုက်နိုင်ပါပြီလို့ သတင်းကြေညာခဲ့ပါတယ်။

XS
SM
MD
LG