သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန် နျူကလီးယားစက်ရုံ ဓာတ်သတ္တိကြွနှုန်း မြင့်တက်


ဂျပန် နျူကလီးယားစက်ရုံ ဓာတ်သတ္တိကြွနှုန်း မြင့်တက်
ဂျပန် နျူကလီးယားစက်ရုံ ဓာတ်သတ္တိကြွနှုန်း မြင့်တက်

ဂျပန်နိုင်ငံ ဖူကူရှီးမား (Fukishima) ခရိုင် အမှတ် ၁ လျှပ်စစ်ဓာတ်အားပေး စက်ရုံက ပျက်စီးနေတဲ့ နံပါတ် ၂ အဏုမြူ ဓာတ်ပေါင်းဖို အတွင်းပိုင်း တာဗိုင်ထဲက အအေးခံစနစ် ရေကန်ထဲမှာ ရေဒီယို သတ္တိကြွမှု အတိုင်းအတာဟာ တနာရီကို ၁,၀၀၀ milisieverts ရှိနေပြီးတော့ ဒါဟာ ပုံမှန်ထက် အဆပေါင်း ၁၀ သန်း ရှိနေတယ်လို့ ဒီစက်ရုံပိုင်ရှင် တိုကျို လျှပ်စစ်ဓာတ်အားပေး ကော်ပိုရေးရှင်း TEPCO က ဒီကနေ့ ပြောပါတယ်။

အခုလို ရေဒီယို သတ္တိကြွမှု အလွန်အမင်း မြင့်မားလာတာကြောင့် ဒီစက်ရုံထဲက ဝန်ထမ်းတွေကို ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးလိုက်ပြီလို့လည်း TEPCO က ဆိုပါတယ်။ ဒါပေမဲ့ TEPCO ရဲ့ ရေဒီယို သတ္တိကြွ တိုင်းတာမှုဟာ တိကျသေချာမှု မရှိတာကြောင့် ဆိုပြီး ဂျပန်အစိုးရက နောက်ထပ် တိုင်းတာမှုအသစ် ပြုလုပ်ဖို့ ဒီကနေ့ ညွှန်ကြားခဲ့ပါတယ်။

ဒီစက်ရုံအနီးက ပေ ၉၀၀ တဝိုက် ပင်လယ်ရေပြင်မှာ အိုင်အိုဒင်း ရေဒီယို သတ္တိကြွမှုဟာ စနေနေ့က ပုံမှန်ထက် အဆ ၁,၂၀၀ မြင့်တက်နေရာကနေ ဒီကနေ့ တနင်္ဂနွေနေ့မှာ အဆပေါင်း ၁,၈၅၀ မြင့်တက်လာခဲ့တယ်လို့ ဂျပန် စက်မှုနဲ့ အဏုမြူလုပ်ငန်းခွင် အန္တရာယ် လုံခြုံရေး အေဂျင်စီက စောစောပိုင်းမှာ ကြေညာခဲ့ပါတယ်။

လူတယောက်ဟာ တနှစ်တာ ကာလပတ်လုံး ရေဒီယို သတ္တိကြွ ဓာတ်ရောင်ခြည် သင့်နေပေမဲ့ အန္တရာယ် ကင်းနေသေးတဲ့ ပမာဏကို ဒီ ပင်လယ်ရေရဲ့ လီတာတဝက်လောက်မှာတင် တွေ့ရှိခဲ့ရပြီး ကျန်တဲ့ ပင်လယ်ရေ အစိတ်အပိုင်း အားလုံးမှာ ရေဒီယို သတ္တိကြွ အန္တရာယ်ရှိမှု ပမာဏဟာ အတိုင်းအဆ သိပ်ကြီးမားလွန်းနေပြီလို့လည်း အဲဒီအေဂျင်စီက ပြောပါတယ်။

နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) ကလည်း ဒီစက်ရုံရဲ့ ရေဒီယို သတ္တိကြွမှု ပြဿနာဟာ လပေါင်းများစွာ ကြာမြင့်လိမ့်မယ်လို့ ပြောပါတယ်။ ရေဒီယို သတ္တိကြွ ဓာတ်ရောင်ခြည်တွေ ယိုစိမ့်ထွက်နေရတဲ့ အကြောင်းရင်း ဇာစ်မြစ်ကို သူတို့ မသိကြရသေးဘူးလို့ ဒီစက်ရုံရဲ့ အရာရှိတွေက ပြောပါတယ်။

XS
SM
MD
LG