သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေဒီယို သတ္တိကြွမှု လနဲ့ချီ ပျံ့နှံ့နိုင်ကြောင်း ဂျပန်သတိပေး


ရေဒီယို သတ္တိကြွမှု လနဲ့ချီ ပျံ့နှံ့နိုင်ကြောင်း ဂျပန်သတိပေး
ရေဒီယို သတ္တိကြွမှု လနဲ့ချီ ပျံ့နှံ့နိုင်ကြောင်း ဂျပန်သတိပေး

ဂျပန်နိုင်ငံမှာ ပြီးခဲ့တဲ့လအတွင်း ငလျင်ဒဏ်နဲ့ နောက်ဆက်တွဲ ဆူနာမီ ရေလှိုင်းဒဏ်တွေ အကြီးအကျယ် ခံခဲ့ရတဲ့ နျူကလီးယား ဓာတ်ပေါင်းဖိုက ရေဒီယို သတ္တိကြွ ဓာတ်ရောင်ခြည်တွေ သမုဒ္ဒယာထဲ စိမ့်ဝင်နေတာတွေကို ထိန်းချုပ်နိုင်ဖို့ လပေါင်းများစွာ ကြာနိုင်တယ်လို့ ဂျပန်နိုင်ငံက တနင်္ဂနွေနေ့မှာ သတိပေး ပြောကြားလိုက်ပါတယ်။

ဖူကူရှီးမား ဒိုင်အိချိ (Fukushima Daiichi) နျူကလီးယား ဓာတ်ပေါင်းဖို နေရာက ကွဲအက်နေတဲ့ ၇ လက်မခွဲလောက် နေရာကနေ ပစိဖိတ် သမုဒ္ဒယာထဲကို အဆင့်မြင့် ရေဒီယို သတ္တိကြွ ဓာတ်ရောင်ခြည်တွေ စိမ့်ထွက်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်လာအပြီးမှာ အဆင့်မြင့် ဂျပန်အရာရှိတွေက အခုလို သတိပေးချက် ထုတ်ပြန်လိုက်တာပါ။

အဲဒီ အက်နေတဲ့ နေရာကို အင်းကတေနဲ့ လောင်းပြီး ပိတ်နိုင်ဖို့ တိုကျို လျှပ်စစ်ကုမ္ပဏီ TEPCO က ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ယိုထွက်နေတဲ့ ဓာတ်ရောင်ခြည်တွေ တတ်နိုင်သလောက် တားဆီးနိုင်ဖို့ ရေစုပ်တဲ့ ပိုလီမာတွေနဲ့ အဲဒီ အက်နေတဲ့ နေရာကို အင်ဂျင်နီယာတွေ တနင်္ဂနွေနေ့က လောင်းထည့်ခဲ့တဲ့အကြောင်း TEPCO က ပြောပါတယ်။

ဓာတ်ပေါင်းဖို အပူလွန်ပြီး ရေဒီယို သတ္တိကြွ ဓာတ်ရောင်ခြည်တွေ အပြင်ထွက်တာကို ထိန်းချုပ်တဲ့ အနေနဲ့ အဲဒီ ဓာတ်ပေါင်းဖိုတွေထဲကို ပင်လယ် ဆားငန်ရေတွေ လောင်းပြီး သီတင်း ၃ ပတ်ကြာလောက် ကြိုးစားခဲ့ပေမဲ့ အောင်မြင်မှု မရခဲ့ပါဘူး။ အဲဒီလို ပင်လယ်ရေတွေနဲ့ လောင်းခဲ့တဲ့အတွက် ရေဒီယို သတ္တိကြွ ဓာတ်ရောင်ခြည်တွေ အပြင်ကို စိမ့်ထွက်လာပြီး အလုပ်သမားတွေပါ စက်ရုံနား မကပ်နိုင်တော့တဲ့ အဆင့်ထိ ရောက်လာခဲ့တာပါ။

XS
SM
MD
LG