ဂျပန်နိုင်ငံ ဖူကူရှီးမား (Fukushima) ခရိုင်က ပျက်စီးသွားခဲ့တဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံက အဏုမြူ ဓာတ်ပေါင်းဖိုကနေ ရေဂါလံ ၁၁,၀၀၀ ကို ပစိဖိတ် သမုဒ္ဒရာထဲကို စီးဆင်းစေခဲ့ပြီး အဲဒီရေတွေကို သိုလှောင်ထားခဲ့တဲ့ မူလကန်တွေထဲမှာ ရေဒီယို သတ္တိကြွ ဓာတ်ရောင်ခြည်သင့် ရေတွေကို ထည့်သွင်းဖို့ စီစဉ်နေကြပါတယ်။
ဒီအစီအစဉ်ဟာ ရှောင်လွှဲလို့ မရတဲ့ လုံခြုံရေးဆိုင်ရာ လုပ်ဆောင်ချက်ရဲ့ ခြေလှမ်းတလှမ်း ဖြစ်တယ်လို့ ဂျပန်အစိုးရ ၀န်ကြီးအဖွဲ့ရဲ့ အတွင်းဝန်ချုပ် ယုကိအို အဲဒါနို (Yukio Edano) က ဒီနေ့ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
တနင်္ဂနွေနေ့က ရေဒီယို သတ္တိကြွ ဓာတ်ရောင်ခြည်တွေ စိမ့်ထွက်ရာ လမ်းကြောင်းလို့ ယူဆရတဲ့ အဏုမြူ ဓာတ်ပေါင်းဖိုရဲ့ စင်တီမီတာ ၂၀ ရှိတဲ့ အက်ကြောင်းကို တိုကျို လျှပ်စစ်ဓာတ်အားပေး ကော်ပိုရေးရှင်း TEPCO က နည်းအမျိုးမျိုးနဲ့ ဖာထေးပိတ်ဆို့ဖို့ ကြိုးစား လုပ်ဆောင်ခဲ့ပေမဲ့ ရေဒီယို သတ္တိကြွမှု အဆင့်လျော့ကျသွားမှုကို အနီးက ပစိဖိတ် သမုဒ္ဒရာထဲမှာ မတွေ့ကြရပါဘူး။
ဒီနေ့မှာတော့ အရောင်ဆိုးထားတဲ့ ဓာတုဗေဒ အရည်တွေကို သမုဒ္ဒရာထဲ လောင်းချပြီး ရေဒီယို သတ္တိကြွ ဓာတ်ရောင်ခြည် စိမ့်ထွက်ရာ လမ်းကြောင်းကို ရှာဖွေတွေ့ရှိနိုင်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်။
ဂျပန်ဘာသာနဲ့ ထန်ကန် (Tankan) လို့ ခေါ်တဲ့ စီးပွားရေး စစ်တမ်းတစောင်ကို ဒီနေ့ ဂျပန် ဗဟိုဘဏ်က ထုတ်ပြန်ခဲ့ရာမှာ ဂျပန်လူထုဟာ ၀ယ်ယူသုံးစွဲမှုတွေ လျှော့ချလိုက်တာနဲ့ လျှပ်စစ်ဓာတ်အား ပြတ်တောက်နေမှုကြောင့် စက်ရုံတွေက ထုတ်ကုန်ပမာဏ ကျဆင်းနေတာတွေကြောင့် ငလျင်နဲ့ ဆူနာမီ ရေလှိုင်းဒဏ် သင့်ခဲ့ပြီးနောက် ဂျပန် စီးပွားရေး လုပ်ငန်းတွေအပေါ် လူထုရဲ့ ယုံကြည်မှုတွေ ကျဆင်းနေတယ်လို့ အဲဒီစစ်တမ်းမှာ ဖော်ပြထားပါတယ်။