သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဓာတ်သတ္တိကြွ ရေယိုစိမ့်မှု ဂျပန် တားဆီးနိုင်


ဓာတ်သတ္တိကြွ ရေယိုစိမ့်မှု ဂျပန် တားဆီးနိုင်
ဓာတ်သတ္တိကြွ ရေယိုစိမ့်မှု ဂျပန် တားဆီးနိုင်

ဂျပန်နိုင်ငံမှာ ငလျင်နဲ့ ဆူနာမီ ရေလှိုင်းဒဏ်တွေ ခံခဲ့ရလို့ ထိခိုက်ပျက်စီးနေတဲ့ ဖူကူရှီးမား (Fukushima) ခရိုင်က နျူကလီးယား စက်ရုံကနေ ယိုစီးပြီး ထွက်နေတဲ့ ရေဒီယို ဓာတ်သတ္တိကြွ ရေတွေကို ရပ်တန့်နိုင်ခဲ့ပြီလို့ ဂျပန်အရာရှိတွေက ပြောပါတယ်။

ဒီစက်ရုံကို တာဝန်ယူတဲ့ TEPCO ကုမ္ပဏီက ရေဒီယို ဓာတ်သတ္တိ ကြွမှုတွေ ယိုစိမ့်နေတာတွေကို ရပ်တန့်ဖို့ မနေ့က သူတို့ ကြိုးစားခဲ့ကြတာ တိုးတက်မှု ရှိလာတဲ့အကြောင်း ဒီကနေ့ စောစောပိုင်းကပဲ ပြောပါတယ်။

အလုပ်သမားတွေက ရေဒီယို ဓာတ်သတ္တိကြွ ရေတွေ စီးတဲ့နေရာကို ခြေရာခံ လိုက်ကြည့်ပြီး ဖန်အရေကြည်ပြားကို မြေကြီးထဲကို ထိုးသွင်းပြီး တားဆီးပိတ်ပင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စက်ရုံက ထွက်လာတဲ့ ရေဒီယို ဓာတ်သတ္တိကြွ အိုင်အိုဒင်းဓာတ်တွေက စက်ရုံနဲ့ ကပ်လျက်ရှိနေတဲ့ ပင်လယ်ထဲကို တချို့ ရောက်ကုန်ပါပြီ။

TEPCO ကုမ္ပဏီက စက်ရုံက ထွက်လာတဲ့ ရေဒီယို ဓာတ်သတ္တိကြွ ရေတန်ချိန် ၂,၈၀၀ လောက် ပင်လယ်ထဲကို သွန်ခဲ့ပြီးပြီလို့ ဆိုပါတယ်။ သူတို့ရဲ့ စမ်းသပ်မှုတွေအရ ရေဒီယို ဓာတ်သတ္တိကြွ အိုင်အိုဒင်းဓာတ်ရဲ့ အဆင့်ဟာ ပြီးခဲ့တဲ့ စနေနေ့ကထက်စာရင် တနင်္လာနေ့မှာ ကျဆင်းလာခဲ့တယ်လို့ ဆိုပါတယ်။

ဂျပန်ရဲ့ အနောက်ဘက်မှာရှိတဲ့ တောင်ကိုရီးယား နိုင်ငံကတော့ ဂျပန်က ရေဒီယို ဓာတ်သတ္တိကြွရေတွေ သူတို့ဆီ ရောက်လာမှာကို စိုးရိမ်တဲ့အကြောင်း ပြောနေပါတယ်။ အိန္ဒိယနိုင်ငံကတော့ ဂျပန်နိုင်ငံက တင်ပို့တဲ့ စားသောက်ကုန်တွေ အားလုံးကို ၃ လတိတိ ရပ်ဆိုင်းထားပါတယ်။

ဂျပန် နိုင်ငံခြားရေး ဝန်ကြီးကတော့ ဂျပန်အနေနဲ့ နျူကလီးယား စက်ရုံက အခြေအနေတွေကို ကုလသမဂ္ဂရဲ့ စည်းမျဉ်း စည်းကမ်းတွေအတိုင်း လုပ်ဆောင်မှာဖြစ်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းကိုလည်း အခြေအနေတွေကို အသိပေးနေမယ်လို့ ဆိုပါတယ်။

အခု သူတို့ ပင်လယ်ထဲကို သွန်ထားတဲ့ ရေဒီယို သတ္တိကြွ ရေတွေက ကျန်းမာရေးအတွက် ချက်ချင်း ထိခိုက်နိုင်တဲ့ အခြေအနေ မရှိသေးဘူး၊ နိုင်ငံတကာ ရေပိုင်နက်ဆိုင်ရာ ဥပဒေကိုလည်း ချိုးဖောက်ရာ မရောက်သေးဘူးလို့ ဆိုပါတယ်။

စက်ရုံရဲ့ တောင်ပိုင်းက ငါးတွေမှာတော့ ရေဒီယို ဓာတ်သတ္တိကြွမှုတွေ ရှိနေတာကို ပထမဆုံး တွေ့ထားရပြီလို့တော့ ဂျပန်အစိုးရက ပြောပါတယ်။ ဂျပန်ဝန်ကြီးချုပ် နာအိုတို ကန် (Naoto Kan) ကတော့ အခုအဖြစ်အပျက်ကြောင့် ထိခိုက်ပျက်စီးမှု အားလုံးကို အစိုးရက အစအဆုံး တာဝန်ယူပါ့မယ်လို့ မနေ့ကပဲ ပြောခဲ့ပါတယ်။

XS
SM
MD
LG