သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်မှာ စည်းမျဉ်းသစ်နဲ့ နျူကလီးယားပြန်လည်


ဂျပန်နိုင်ငံက Sendai နျူကလီးယား ဓာတ်ပေါင်းဖိုကို Kyushu လျှပ်စစ်ဓာတ်အားပေး ကုမ္ပဏီက ဒီကနေ့ ပြန်ပြီး စတင်လည်ပတ်နေပြီ ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်မှာ ဖူကူရှီးမား နျူကလီးယား ဓာတ်အားပေးစက်ရုံ အန္တရာယ်ဖြစ်ခဲ့ပြီးတဲ့နောက် ဘေး အန္တရာယ် ကင်းရှင်းရေး စည်းကမ်းသစ်တွေနဲ့အညီ ပြန်ဖွင့်တဲ့ ပထမဆုံး နျူကလီးယား ဓာတ်အားပေးစက်ရုံ ဖြစ်ပါတယ်။

Sendai ဓာတ်အားပေးစက်ရုံနေရာက နျူကလီးယားဓာတ်ပေါင်းဖို ဟာ သောကြာနေ့မှာ လျှပ်စစ်ဓာတ်အား စထုတ်ပြီး နောက်လမှာ စွမ်းအင်ပြည့် လည်ပတ်နိုင်မယ်လို့ ခန့်မှန်းထားးကြောင်း Kyushu လျှပ်စစ်ဓာတ်အားပေးကုမ္ပဏီက ပြောပါတယ်။

ဂျပန်နိုင်ငံက နျူကလီးယား ဓာတ်ပေါင်းဖိုတွေကို ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ စစ်ဆေးမှုတွေ လုပ်ဖို့အတွက် ပိတ်ထားတာ နှစ်နှစ်ရှိပါပြီ။ နျူကလီးယား ဓာတ်အားပေးစက်ရုံတွေကနေ နိုင်ငံမှာလိုအပ်တဲ့ ဓာတ်အားပမာဏရဲ့ ၂၀% ကျော်ထိ ၂၀၃၀ ပြည့်နှစ်အရောက်မှာ ထုတ်လုပ်နိုင်ဖို့ ဂျပန်အစိုးရက လိုလားနေတာပါ။ နျူကလီးယား ဓာတ်အားပေးစက်ရုံတွေကို ပိတ်ထားခဲ့ရ ချိန်တုန်းကတော့ ဇီဝလောင်စာတွေပေါ် မှီခို အားထားခဲ့ရပါတယ်။

အခုလို နျူကလီးယားဓာတ်ပေါင်းဖိုတွေ ပြန်လည်ပတ်တဲ့ကိစ္စကို ဂျပန်လူထုအများအစုက ကန့်ကွက်ကြပါတယ်။ Sendai ဓာတ်အားပေးစက်ရုံနေရာမှာ ဒီကနေ့ ဆန္ဒပြသူ အများအပြား စုဝေး ကန့်ကွက်ခဲ့ကြပြီး အဲဒီထဲမှာ Fukushima ဓာတ်ပေါင်းဖို ပြဿနာတက်တုန်းက တာဝန်ထမ်းဆောင်နေတဲ့ ဝန်ကြီးချုပ်ဟောင်း Naoto Kan လည်း ပါဝင်ပါတယ်။

ကြီးမားတဲ့ငလျင်ကြီးနဲ့ ဆူနာမီရေလှိုင်းဒဏ်ကြောင့် Fukushia ဓာတ်ပေါင်းဖို ထိခိုက်ပြီး ရေဒီယိုဓာတ်သတ္တိတွေ ယိုစိမ့်ထွက်တာကြောင့် လူပေါင်း တသိန်းကျော် နေအိမ်တွေကို စွန့်ခွာ ထွက်ပြေးခဲ့ရတာပါ။

XS
SM
MD
LG