သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်အိုလံပစ် ကိုဗစ်ကူးစက်သူ ၁၂၇ ဦးရှိ


Tokyo Olympics Cycling
Tokyo Olympics Cycling

Zawgyi/Unicode

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်မှာ ကျင်းပနေတဲ့ အိုလံပစ်အားကစားပွဲတော်မှာ အားကစားသမားတွေ အပါအဝင် COVID-19 ရောဂါ ကူးစက်ခံထားရသူ ၁၂၇ ယောက် ရှိသွားပြီလို့ အားကစားပွဲ ကြီးကြပ်သူတွေကပြောပါတယ်။
အမျိုးသား စက်ဘီးစီးပြိုင်ပွဲဝင် ဂျာမန်အားကစားသမား Simon Geschke ကိုဗစ်ကူးစက်ခံထားရတယ်လို့ ပြိုင်ပွဲမကျင်းပခင် တရက်အလို သောကြာနေ့မှာပဲ ကြေညာခဲ့ပါတယ်။ အမျိုးသား စက်ဘီးစီးပြိုင်ပွဲဟာ နွေရာသီ အိုလံပစ်အားကစားပွဲတွေမှာ ပြိုင်ပွဲအားလုံး ယှဉ်ပြိုင်ကစားကြတဲ့ ပထမဆုံးရက် အဓိကပြိုင်ပွဲတခုဖြစ်ပါတယ်။
ဇူလိုင်လ ၁ ရက်နေ့ကတည်းကဆိုရင် အားကစားပွဲတော်အတွင်း ကိုဗစ်ကူးစက်သူ ၁၂၇ ယောက်ထဲမှာ အားကစားသမားက ၁၄ ယောက်ပါပါတယ်။ ထပ်တိုးကူးစက်သူတွေထဲမှာ ၁၄ ယောက်က ဂျပန်နိုင်ငံမှာ နေထိုင်တဲ့ အားကစားပွဲ ကန်ထရိုက်တာတွေ ဖြစ်ကြပါတယ်။
နယ်သာလန် လှေလှော်အားကစားသမား Finn Florijn ကိုဗစ်ကူးစက်ခံထားရတာကြောင့် ပြိုင်ပွဲမဝင်နိုင်တော့ဘူးလို့ နယ်သာလန်အသင်း တာဝန်ရှိသူတွေကပြောပါတယ်။ နယ်သာလန်အသင်းက တခြား အားကစားသမား နှစ်ယောက်လည်း ကိုဗစ်ကူးစက်ခံထားရတယ်ဆိုတာ အရင်ရက်ကပဲ ဓာတ်ခွဲအဖြေ ထွက်ထားပါတယ်။ လှေလှော်အားကစားသမား Florijn ရဲ့ ကိုဗစ် ဓာတ်ခွဲစမ်းသပ်မှုအဖြေက တရားဝင်စာရင်းထဲမှာ တနင်္ဂနွေနေ့အထိ မပါခဲ့ပါဘူး။
အခုကျင်းပနေတဲ့ တိုကျို အိုလံပစ်အားကစားပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု အားကစားသမား နှစ်ယောက် ဝင်ပြိုင်နေပါတယ်။
တယောက်က အသက် ၂၂ အရွယ် ကြက်တောင်အားကစားမယ် သက်ထားသူဇာဖြစ်ပြီး နောက်တယောက်ကတော့ သေနတ်ပစ်ပြိုင်ပွဲဝင် အသက် ၃၈ နှစ်အရွယ် ရဲထွန်းနောင်ဖြစ်ပါတယ်။
သက်ထားသူဇာက တနင်္ဂနွေနေ့ ဒေသစံတော်ချိန် မနက် ၁၀ နာရီမှာ အင်ဒိုနီးရှား ကြက်တောင်မယ်နဲ့ ပထမဆုံးပွဲအဖြစ် ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။
ရဲထွန်းနောင်ကတော့ ဒီနေ့ကျင်းပတဲ့ ၁၀ မီတာ လေသေနတ်ပစ် အရည်အချင်းစစ်ပြိုင်ပွဲမှာ ပြိုင်ပွဲဝင် ၃၆ ယောက်ထဲ အဆင့် ၁၄ ချိတ်ပြီး မအောင်မြင်ခဲ့ပါဘူး။

တိုက်ရိုက် လင့်ခ်


========


Unicode


#JapanOlympic #Sports #Japan #Covid19 #VOABurmese

XS
SM
MD
LG