သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်ဝန်ကြီးချုပ် ရာထူးက နှုတ်ထွက်သွားပြီ


ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းပေါ်က အမေရိကန် စစ်အခြေစိုက်စခန်းကို ပြောင်းရွှေ့ဖို့ မဲဆွယ်လှုပ်ရှားစဉ်က ပေးထားတဲ့ ကတိအတိုင်း ဆောင်ရွက်မပေးနိုင်တဲ့အတွက် နှုတ်ထွက်တဲ့အကြောင်း ဝန်ကြီးချုပ် ယူကီအို ဟတိုယာမ (Yukio Hatoyama) က ကြေညာလိုက်ပါတယ်။

နှစ်ပေါင်း ၅၀ နီးပါး ဆက်တိုက်ဆိုသလို အစိုးရအဖြစ် အုပ်ချုပ်လာတဲ့ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ လက်ထဲကနေ လွန်ခဲ့တဲ့ ၉ လကပဲ ဂျပန်ဝန်ကြီးချုပ် ဟတိုယာမ ရွေးကောက်ပွဲတွေနဲ့ တခဲနက် အနိုင်ရလာခဲ့တာပါ။ ဒါပေမဲ့လည်း ပါတီရန်ပုံငွေ အရှုပ်တော်ပုံ ပြဿနာတွေ၊ ဝန်ကြီးချုပ်ရဲ့ ဦးဆောင်မှု အရည်အချင်းအပေါ် သံသယတွေကြောင့် နောက်ပိုင်းမှာတော့ သူ့ရဲ့ ဒီမိုကရက်ပါတီ ရေပန်းစားမှုတွေမှာ ထိခိုက်မှုတွေ ကြုံလာရတာ ဖြစ်ပါတယ်။

အိုကီနာဝါကျွန်းပေါ်က အမေရိကန် စစ်အခြေစိုက် စခန်းကို ပြောင်းရွှေ့ဖို့ ပျက်ကွက်ခဲ့တဲ့ နောက်မှာလည်း ဝန်ကြီးချုပ်ကို လူကြိုက်များ လက်ခံတဲ့နှုန်းဟာ ၁၇% အထိ ကျဆင်းသွားခဲ့တာပါ။

ဝန်ကြီးချုပ်က သူနဲ့အတူ ပါတီရဲ့ ဒုတိယ အကြီးအကဲဖြစ်တဲ့ အိချီရို အိုဇာဝါ (Ichiro Ozawa) လည်း နှုတ်ထွက်မှာ ဖြစ်တဲ့အကြောင်း ဒီကနေ့ တိုကျိုမြို့က ဒီမိုကရက် ပါတီဝင်တွေကို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ဝန်ကြီးချုပ် နှုတ်ထွက်သွားတဲ့အတွက် သူ့ရဲ့ပါတီဟာလည်း ရှေ့လာမယ့် ဇူလိုင်လ ၁၁ ရက်နေ့ အထက်လွှတ်တော် ရွေးကောက်ပွဲမှာ နိုင်ငံရေးအရ မရေမရာ အခြေအနေတွေနဲ့ ကြုံနေရပါတယ်။

XS
SM
MD
LG