သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန် ဘဏ္ဍာရေးဝန်ကြီး ဝန်ကြီးချုပ် ဖြစ်လာဖွယ်ရှိ


ဂျပန် ဘဏ္ဍာရေးဝန်ကြီး ဝန်ကြီးချုပ် ဖြစ်လာဖွယ်ရှိ
ဂျပန် ဘဏ္ဍာရေးဝန်ကြီး ဝန်ကြီးချုပ် ဖြစ်လာဖွယ်ရှိ

ဂျပန်နိုင်ငံက ဘဏ္ဍာရေးဝန်ကြီး ယိုရှိဟိကို နိုဒါ (Yoshihiko Noda) ကို အာဏာရပါတီက ခေါင်းဆောင်သစ်အဖြစ် ရွေးချယ်လိုက်တဲ့အတွက် နောက်တက်မယ့် ဝန်ကြီးချုပ်သစ် ဖြစ်လာဖို့ ရှိနေပါတယ်။

ကုန်သွယ်ရေးနဲ့ စက်မှုလုပ်ငန်းဝန်ကြီး ဘန်ရီ ကိုင်ဒါ (Banri Kaieda) နဲ့ ယှဉ်ပြိုင်ရာမှာ တနင်္လာနေ့က ဂျပန် ဒီမိုကရက်ပါတီ လွှတ်တော်အမတ်တွေက သူ့ကို ရွေးချယ်လိုက်ကြတာပါ။

ဂျပန်နိုင်ငံမှာ ၅ နှစ်အတွင်း ၆ ဆက်မြောက် ဝန်ကြီးချုပ်အဖြစ် မနက်ဖြန် အင်္ဂါနေ့မှာ သူ့ကို လွှတ်တော်က တင်မြှောက်လိမ့်မယ်လို့လည်း မျှော်လင့်ရပါတယ်။

စီးပွားရေး အကျပ်အတည်းတွေ ကြုံနေရတာ၊ ကပ်ဘေးဒဏ်ကြောင့် ပျက်စီးသွားတဲ့ ဖူကူရှီးမား နျူကလီးယား စက်ရုံက ပြဿနာတွေကို နောက်ဆက်တွဲ ဖြေရှင်းဖို့လို သူရင်ဆိုင်သွားရမယ့် အခက်အခဲတွေကို ဘဏ္ဍာရေးဝန်ကြီး နိုဒါကတော့ ချက်ချင်းလိုလို အသိအမှတ်ပြု ပြောဆိုသွားခဲ့တာပါ။

သူဟာ အတိုက်အခံ လစ်ဘရယ် ဒီမိုကရက်ပါတီအပြင် နောက်ထပ် ပါတီတခုနဲ့ပါ ညွန့်ပေါင်းမဟာမိတ် ဖွဲ့နိုင်ဖို့ ကြိုးပမ်းလိမ့်မယ်လို့ မျှော်လင့်ရပေမဲ့ အတိုက်အခံဘက်က ပူးပေါင်း ပါဝင်လာပါ့မလား ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဂျပန်လူထုကြားမှာတော့ ဒီမိုကရက်ပါတီက ပါတီခေါင်းဆောင်အဖြစ် လျာထားသူ ၅ ယောက်ထဲမှာ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဆိုင်ဂျိ မေဟာရာ (Seiji Maehara) ကို လူကြိုက်များကြပါတယ်။ ဒါပေမဲ့လည်း ပထမအသုတ်အဖြစ် ပါတီတွင်း မဲခွဲရာမှာတော့ သူဟာ တတိယနေရာသာရပြီး နောက်ဆုံးအဆင့်ကို တက်မလာနိုင်ဘဲ ဖြစ်ခဲ့ရတာပါ။

တချိန်တည်းမှာပဲ နောက်တက်လာမယ့် ဝန်ကြီးချုပ်သစ် အနေနဲ့ ပင်လယ်ရေပိုင်နက် ပိုင်ဆိုင်မှုလို တရုတ်နိုင်ငံရဲ့ အခြေခံ အကျိုးစီးပွားတွေကို လေးစားကြောင်း ပြသရလိမ့်မယ်လို့ တရုတ်အစိုးရပိုင် သတင်းစာ ထင်မြင်ချက် ဆောင်းပါးမှာ ဖော်ပြလိုက်ပါတယ်။

ဝန်ကြီးချုပ်သစ် ဖြစ်လာတော့မယ့် ဘဏ္ဍာရေးဝန်ကြီး နိုဒါဟာဆိုရင် သူ့ရှေ့က ရာထူးဆက်ခံသူ နာအိုတို ကန် (Naoto Kan) ကို အစဉ်တစိုက် ထောက်ခံအားပေးသူ ဖြစ်တဲ့အတွက် အရင်အစိုးရရဲ့ မူဝါဒတွေအတိုင်း ဆက်လက် ကျင့်သုံးသွားဖွယ် ရှိတယ်လို့လည်း အများက မျှော်လင့်နေကြတာပါ။

သူဟာဆိုရင် အရင်ဝန်ကြီးချုပ်လိုပဲ လူမှုဖူလုံရေးအတွက် ကုန်ကျစရိတ်တွေ တိုးလာနေတာကို ကာမိစေဖို့ ရောင်းခွန်တွေ ၂ ဆတိုးဖို့ကိစ္စ အပါအဝင် အခွန်စည်းကြပ်မှုတွေမှာ ပြုပြင်ပြောင်းလဲရေးကို အားပေးသူ ဖြစ်သလို အစိုးရရဲ့ အကြွေးပြဿနာကိုလည်း ထိန်းချုပ်နိုင်အောင် လုပ်ဆောင်လိုသူတဦး ဖြစ်ပါတယ်။

XS
SM
MD
LG