ဂျပန်နိုင်ငံအနေနဲ့ အမေရိကန်ရဲ့ သွင်းကုန်ခွန် တိုးကောက်မယ့် အစီအစဉ်ကနေ လွတ်လိမ့်မယ်လို့ အကောင်းမြင် မျှော်လင့်ထားကြောင်း ဂျပန်ဝန်ကြီးချုပ် Shigeru Ishiba က ဒီနေ့ တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။
အမေရိကန်မှာ ဂျပန်နိုင်ငံက ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ရှိနေပြီး၊ အမေရိကန်တွေအတွက် အလုပ်အကိုင်တွေ ဖန်တီးပေးနေတာတွေကို သမ္မတ Donald Trump က အသိအမှတ်ပြု လက်ခံထားတယ်လို့လည်း ပြောပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့က အိမ်ဖြူတော်မှာ သမ္မတထရမ့်နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့စဉ်အတွင်း၊ အမေရိကန်မှာ အလုပ်အကိုင်တွေ ဖန်တီးပေးနေတဲ့ ဂျပန်ကားကုမ္ပဏီတွေ အများအပြား ရှိနေကြောင်း သမ္မတထရမ့်ကို ရှင်းပြခဲ့တယ်လို့ ဂျပန်ဝန်ကြီးချုပ်က NHK သတင်းဌာနကို ပြောပါတယ်။
ဒါပေမဲ့လည်း ထိပ်သီးတွေ့ဆုံမှုအတွင်း ကားတင်သွင်းမှုနဲ့ ပတ်သက်တဲ့ သွင်းကုန်ခွန်ကိစ္စကို သီးခြားဆွေးနွေးတာ မရှိဘူးလို့လည်း ပြောပါတယ်။ သမ္မတထရမ့်က သွင်းကုန်ခွန်တွေ တိုးကောက်သွားဖို့ စီစဉ်နေတယ်လို့ ပြောထားတာကြောင့် ဂျပန်နိုင်ငံကိုလည်း အခွန်တွေ တိုးကောက်မလားဆိုတာ အတိအကျ မသိဘူးလို့လည်း ပြောပါတယ်။
သမ္မတအဖြစ် တာဝန်ယူခဲ့ပြီး သီတင်းတပတ်အတွင်းမှာပဲ ကနေဒါ၊ မက္ကဆီကိုနဲ့ တရုတ်နိုင်ငံတွေက သွင်းကုန်တွေကို အခွန်တွေ တိုးကောက်မယ့် အစီအစဉ်တွေကို သမ္မတထရမ့် ကြေညာခဲ့ပေမယ့်လည်း၊ ဂျပန်နိုင်ငံကိုတော့ အခွန်တွေ တိုးကောက်မယ့် နိုင်ငံတွေစာရင်းမှာ အခုအချိန်အထိ ထည့်သွင်းတာတော့ မရှိသေးပါဘူး။
Forum