သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန် ငလျင်နှင့်ဆူနာမီ လူအမြောက်အများသေဆုံး


ဂျပန်နိုင်ငံ Miyagi ခရိုင်က ငလျင်နဲ့ ဆူနာမီဒဏ်ခံရပြီးနောက် မြင်ကွင်း မတ်လ ၁၁၊ ၂၀၁၁
ဂျပန်နိုင်ငံ Miyagi ခရိုင်က ငလျင်နဲ့ ဆူနာမီဒဏ်ခံရပြီးနောက် မြင်ကွင်း မတ်လ ၁၁၊ ၂၀၁၁

ဂျပန်နိုင်ငံမှာ ပြင်းထန်တဲ့ ငလျင်နဲ့ ဆူနာမီရေလှိုင်းတွေကြောင့် လူသေဆုံးမှုတွေနဲ့ အကြီးအကျယ် ထိခိုက်ပျက်စီးမှုတွေ ကြုံခဲ့ရပါတယ်။

ဒီကနေ့ ဂျပန်စံတော်ချိန် နေ့လည် ၂နာရီ ၄၆ မိနစ်အချိန်မှာ တိုကျိူမြို့မြောက်ဘက် မိုင်(၂၃၀) မိုင်အကွာ၊ မိယာငိခရိုင် (Myagi Prefecture) ဆဲန်ဒိုင် Sendai မြို့ရဲ့ အရှေ့ဘက်မိုင်(၈၀) အကွာ ပစိဖိတ်ပင်လယ် ပြင် ရေအောက် (၆)မိုင်နေရာကို ဗဟိုပြုပြီး ရစ်(ချ်)တာစကေး (၈.၉)ရှိတဲ့ ငလျင်ကြီး လှုပ်ခတ်ခဲ့တာကြောင့်၊ ဂျပန် ရဲ့ အရှေ့မြောက်ဘက်ခြမ်းတခုလုံးမှာ၊ လူသေဆုံးမှုတွေ ဒဏ်ရာရသူတွေ အများအပြားရှိခဲ့ပြီးတော့၊ လူပေါင်း များစွာဟာလည်း ထောင်နဲ့ချီပြီး ပျောက်ဆုံးနေကြပါတယ်။ အခုနောက်ဆုံးသတင်းအရ လူသေအလောင်း တွေတွေ့ရှိမှုဟာ ရာဂဏန်းတွေနဲ့ ရှိနေပြီး၊ လူသေဆုံးမှု ကိန်းဂဏန်းဟာ ဒီထက်ပိုများလာဖို့ရှိနေတယ်လို့ ဂျပန်အစိုးရ NHK သတင်းက ဆိုပါတယ်။ လျှပ်စစ်ဓါတ်အားတွေဖုံးလိုင်းတွေ ပြတ်တောက်နေတာကြောင့်၊ အဆက်အသွယ်တွေ လုပ်လို့မရပဲ၊ ဒေသအလိုက် အသေအပျောက်သတင်းတွေ မရရှိနိုင်ပဲ ဖြစ်နေပါတယ်။

မြို့တော်တိုကျိုမှာ၊ အိမ်ခြေလေးသန်းလောက် လျှပ်စစ်မီးပြတ်တောက်နေပြီးတော့၊ ငလျင်ငယ်လေးတွေဆက် ပြီးလှုပ်ခတ်နေဆဲဖြစ်ပါတယ်။ အာဏာပိုင်တွေက နောက်ထပ် အင်အားပြင်းငလျင်လှုပ်ခတ်နိုင်တဲ့ သတိပေး မှုကိုကြေညာထားပြီးတော့၊ လူထုကို ရောက်ရှိနေတဲ့နေရာကနေ အပြင်မထွက်ပဲ နေကြဖို့ အမိန့်ထုတ်ထား တာကြောင့် ညဉ့်နက်ပိုင်းရောက်လာတဲ့အထိ လူတွေဟာ ရုံးတွေနဲ့ လုပ်ငန်းခွင်တွေမှာပဲ နေနေကြရပါတယ်။ တိုကျိုမြို့မှာ အဆောက်အဦးတချို့ရဲ့ အမိုးတွေ ပြိုကျခဲ့ပြီးတော့၊ ငလျင်ကြောင့် မီးလောင်နေကြတဲ့ တိုကျိုက မြို့နယ်တချို့ထဲမှာ မြန်မာအများစုနေထိုင်ရာ Toshima မြို့နယ် လည်း ပါဝင်ပါတယ်။ လေဆိပ်ရေဆိပ်ဘူတာ ရုံတွေ အားလုံးကို အစိုးရကပိတ် ထားလိုက်ပြီး၊ လမ်းတွေပေါ်မှာ တာဝန်ရှိသူတွေကလွဲပြီး အသွားအလာအား လုံး ရပ်ဆိုင်းနေပါတယ်။

ငလျင်ကြောင့် ဂျပန်အရှေ့ဘက်ကမ်းခြေက ဆဲန်ဒိုင် Sendai မြို့နဲ့ ဖုခုရှီးမခရိုင် (Fukushima Prefecture) အိုနဟမ Onahama မြို့တွေမှာ၊ (၃၃)ပေကျော် ဆူနားမိလှိုင်းလုံးတွေ ဖုံးလွှမ်း သွားခဲ့ပြီးတော့ ဆဲန်ဒိုင် Sendai မြို့မှာ ရေအောက်နစ်မြုပ်သေဆုံးသူ အလောင်းတွေကို ရာနဲ့ချီ တွေ့ရတယ် လို့ AP သတင်းမှာ ဆိုပါ တယ်။ ကမ်းခြေမှာခုတ်မောင်းနေတဲ့ အရေအတွက်မသိရသေးတဲ့ ခရီးသည်တွေလိုက်ပါလာတဲ့ ရထားတစီး ပျောက်ဆုံးနေပြီးတော့၊ ခရီးသည် (၁၀၀)ကျော်လိုက်ပါလာတဲ့ ကူးတို့သင်္ဘောတစီးဟာလည်း၊ ရေအောက် ကို နစ်မြုပ်သွားတာကြောင့် ခရီးသည်တွေ အားလုံးသေဆုံးသွားခဲ့ရပါတယ်။

ဂျပန်အစိုးရဟာ အရေးပေါ်လုပ်ငန်းများ စီမံခန့်ခွဲဆောင်ရွက်ရေးကော်မီတီကို ဖွဲ့စည်းလိုက်ပြီး၊ ငလျင်ကြောင့် ဖြစ်ပေါ်လာမယ့် ဆိုးကျိုးတွေကို သေးငယ်နိုင်သမျှသေးငယ်သွားအောင် အစိုးရက လုပ်ကိုင်သွားမှာဖြစ်ပြီး တော့၊ ဂျပန်လူထုအနေနဲ့ ရေဒီယိုရုပ်မြင်သံကြား သတင်းတွေကနေ အစိုးရရဲ့သတိပေးချက်တွေကို အာရုံ စိုက်နေကြဖို့ကို ဝန်ကြီးချုပ် နာအိုး ထိုးခမ်း(Naoto Kan) က ရုပ်သံလွှင့် ပြောကြားသွားခဲ့ပါတယ်။ နျူးကလီး ယားစွမ်းအင်နဲ့ လျှပ်စစ်ဓါတ်အားပေးစက်ရုံတွေဟာ ငလျင်လှုပ်ရင် စက်ရုံလည်ပတ်မှု အလိုအလျောက်ရပ် ဆိုင်းသွားတဲ့ စနစ်ကြောင့် ရေဒီယို သတ္တိကြွယိုစိမ့်မှု မရှိဘူးလို့၊ ဝန်ကြီးချုပ်နာအိုးထိုးခမ်းက ပြောခဲ့ပါတယ်။

ဒါပေမယ့် ဆဲန်ဒိုင် Sendai မြို့က အိုနင၀ Onagawa နျူးကလီးယားလျှပ်စစ် ဓါတ်အားပေးစက်ရုံ မီးလောင် ပျက်စီးသွားတာကြောင့် ရေဒီယိုသတ္တိကြွယိုစိမ့်မှု မဖြစ်ပေါ်စေရေး သီးသန့်ကော်မီတီကို ဖွဲ့စည်းဆောင်ရွက် သွားမယ်လို့ ညနေပိုင်းမှာ အစိုးရက ကြေညာပါတယ်။ ဖုခုရှီးမခရိုင်က ဒိုင်းအိချိ (Daiichi) နျူးကလီးယား လျှပ်စစ်ဓါတ်အားပေးစက်ရုံမှာလည်း အအေးခံစနစ် ပျက်စီးသွားတာကြောင့်၊ ရေဒီယိုသတ္တိကြွယိုစိမ့်မှု ဖြစ် ပေါ်လာမှာကို စိုးရိမ်နေရပါတယ်။

XS
SM
MD
LG