ဂျပန်နိုင်ငံမှာ ဒုတိယကမ္ဘာစစ် ပြီးကတည်းက အဆိုးရွားဆုံးအဖြစ် သဘာဝကပ်ဘေးဒဏ်နဲ့ နောက်ဆက်တွဲ ပြဿနာတွေဟာ တိုင်းပြည် စီးပွားရေးသာမက ကမ္ဘာနဲ့အဝန်း ရိုက်ခတ်လာနေပါတယ်။ ငလျင်နဲ့ ဆူနာမီဒဏ် ခံခဲ့ရပြီးနောက်ပိုင်း အစိုးရက စီးပွားရေး ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ကြိုးစားနေတဲ့ ကြားကပဲ အခြေအနေတွေဟာ တိုးတက်မှု သိသိသာသာ မမြင်ရနိုင်ပဲ ဖြစ်နေတာပါ။ ဂျပန်နိုင်ငံက အကျပ်အတည်းတွေအကြောင်း ဗွီအိုအေ သတင်းထောက် Mil Arcega ရဲ့ သတင်းပေးပို့ချက်နဲ့အတူ မြန်မာနိုင်ငံ အပါအဝင် တခြားစီးပွား ကုန်သွယ်ဖက်တွေအပေါ် ဘယ်လို ဂယက်တွေ ရိုက်ခတ်နေလဲ ဆိုတာတွေကိုတော့ ဒီတပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုအောင်လွင်ဦး က တင်ပြပေးမှာ ဖြစ်ပါတယ်။
ဂျပန်နိုင်ငံ အရှေ့မြောက်ဘက် ကမ်းရိုးတန်းဒေသမှာ ပြင်းအား ၈.၉ ရှိတဲ့ ငလျင်နဲ့အတူ နောက်ဆက်တွဲ ဆူနာမီ ရေလှိုင်းဒဏ် ခံခဲ့ရ ပြီးတဲ့နောက် ပျက်စီးဆုံးရှုံးမှုတွေ အကြီးအကျယ် ကြုံခဲ့ရတဲ့အတွက် စီးပွားရေး လုပ်ငန်းတွေမှာလည်း အခက်အခဲတွေ ဖြစ်လာရတာပါ။ နောက်ဆက်တွဲ နျူကလီးယား ဓာတ်အားပေး စက်ရုံမှာ ပေါက်ကွဲမှုတွေ ဖြစ်လာတာကြောင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေမှာ ထိခိုက်မယ့်အရေး စိုးရိမ်မကင်းစရာတွေလည်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ စီးပွားရေး အင်အားကြီး နိုင်ငံတခုဖြစ်တဲ့ ဂျပန်နိုင်ငံက ထုတ်ကုန်တွေကို ကမ္ဘာတဝန်းက ဝယ်ယူသုံးစွဲနေသလို၊ ကမ္ဘာတဝန်း နိုင်ငံတွေကလည်း ကုန်ပစ္စည်းတွေကို တင်ပို့ရာ တိုင်းပြည်တခု ဖြစ်တာမို့ ကုန်သွယ်ဖက် နိုင်ငံတွေအတွက် ဒီလို အခြေအနေတွေဟာ ထိခိုက်စရာတွေ ဖြစ်လာနိုင်တယ်လို့ မဟာဗျူဟာနဲ့ နိုင်ငံတကာ လေ့လာရေးဌာန (CSIS) က ဂျပန်ရေးရာ ကျွမ်းကျင်သူ နစ်ကိုလတ်စ် ဇေချေညီ (Nicholas Szechenyi) က ပြောပါတယ်။
“ဂျပန်နိုင်ငံရဲ့ စီးပွားရေးက ပြည်ပို့ကုန် လုပ်ငန်းတွေ၊ ကုန်ထုတ်လုပ်မှုတွေ အပိုင်းမှာဆိုရင် အာရှ-ပစိဖိတ် ဒေသထဲမှာ ထဲထဲဝင်ဝင် ပါဝင်နေယုံသာမက ကမ္ဘာနဲ့အဝန်း ကုန်ထုတ်လုပ်မှုနဲ့လည်း ဆက်နွယ်နေတာပါ။ နိုင်ငံတကာ စီးပွားရေးမှာ ကမ္ဘာနဲ့အဝန်း ဆက်နွယ်မှုတွေကို ပြောမယ်ဆိုရင်တော့ သွင်းကုန်၊ ထုတ်ကုန် လုပ်ငန်းပိုင်းက ထုတ်လုပ်မှု အပိုင်းတွေကို ပြောရမှာ ဖြစ်ပါတယ်။ ဒါဟာ အင်မတန်မှ အသေးစိတ်ကျတဲ့ စနစ်တရပ်ဖြစ်ပြီး၊ ကပ်ဘေးဒဏ်က ရလာတဲ့ အကျိုးဆက်တွေကြောင့် ဂျပန်နိုင်ငံမှာ စီးပွားရေး နှောင့်နှေးမှုတွေ ရှိလာမယ်ဆိုရင်၊ ဒါက နိုင်ငံတကာ စီးပွားရေးမှာလည်း ရိုက်ခတ်လာမှာပါ။”
ဂျပန်အစိုးရ ဗဟိုဘဏ်ကတော့ ဒီအခြေအနေတွေကို တားဆီးနိုင်ဖို့အတွက် ဘဏ္ဍာရေး စနစ်ထဲကို ဒေါ်လာငွေ သန်းပေါင်း ၂၅၀,၀၀၀ အထိ ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း လူပေါင်းထောင်သောင်းချီ သေဆုံး ပျောက်ဆုံးမှုတွေ နောက်ဆက်တွဲ နျူကလီးယား ဓာတ်အားပေး စက်ရုံတွေမှာ ပေါက်ကွဲမှုတွေ ကြုံရတဲ့အတွက်လည်း ဂျပန်နိုင်ငံ စီးပွားရေးအတွက် နောက်ထပ် ထိုးနှက်ချက်တွေ ဖြစ်ခဲ့ရတာပါ။ ငလျင်နဲ့ ဆူနာမီဒဏ် ခံခဲ့ရပြီးတဲ့နောက် စက်ရုံတွေ ပိတ်ထားရတဲ့ အတွက်လည်း ဂျပန်နိုင်ငံမှာ အဓိကသုံးစွဲနေတဲ့ နျူကလီးယားစွမ်းအင် ပြတ်လပ်မှုတွေကြောင့် စက်ရုံအလုပ်ရုံတွေ ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေကို ထိခိုက်မှာ စိုးရိမ်ကြတဲ့ ရင်းနှီးမြုပ်နံှသူတွေက တိုကျိုစတော့ခ် ဈေးကွက်မှာ ရှယ်ယာတွေ ထုတ်ရောင်းကြလို့ ဂျပန် Nikkei အညွှန်းကိန်းဟာ ဆိုရင်လည်း ၁၀ ရာခိုင်နှုန်းကျော်အထိ ထိုးကျခဲ့ပါတယ်။
တိုကျိုမြို့က ဂျပန်စီးပွားရေးပညာရှင် တဦးဖြစ်တဲ့ တာကူကီ အိုကူဘို (Takuki Okubo) ကတော့ ကုန်ထုတ်လုပ်မှုကို အားထားတဲ့ ဂျပန်လို နိုင်ငံမျိုးမှာ စွမ်းအင်ပြတ်လပ်မှုဟာ စီးပွားရေးအတွက် တကယ့် ပြဿနာ တခုလို့ မြင်ပါတယ်။
“အကြီးမားဆုံး အန္တာရာယ်ကတော့ စွမ်းအင်လို့ပဲ ကျနော်ပြောရမှာပါ။ ဂျပန်နိုင်ငံ အနေနဲ့ ရေရှည်သဘောမျိုး ဆိုပါစို့၊ တနှစ်လောက် စွမ်းအင် ထုတ်လုပ်မှုမှာ ရာခိုင်နှုန်း ၁၀-၂၀ လောက် ဆုံးရှုံးရမယ်ဆိုရင်၊ စီးပွားရေးအပေါ်မှာ အနှုတ်လက္ခဏာ ကြီးကြီးမားမား ပြလာလိမ့်မယ် ထင်ပါတယ်။”
ပြည်ပတင်ပို့မှုတွေ ကျဆင်းလာတာ၊ ပြည်တွင်း ဝယ်ယူသုံးစွဲမှုတွေ အားနည်းလာတာတွေနဲ့အတူ ဂျပန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ဒုတိယစီးပွားရေး အင်အားအကြီးဆုံး တိုင်းပြည်အဖြစ်ကနေ တဆင့်နိမ့်ကျခဲ့တဲ့အထိ ကြုံခဲ့ရတာကို အစိုးရရဲ့ ဖေဖော်ဝါရီလ ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေမှာ တွေ့ရပါတယ်။ ကပ်ဘေးဒဏ် ခံခဲ့ရပြီးတဲ့ နောက်မှာလည်း ဂျပန်နိုင်ငံရဲ့ အဓိက စီးပွားရေး လုပ်ငန်းတွေ ရပ်ဆိုင်းကုန်ကြလို့ စိုးရိမ်စရာတွေ ဖြစ်နေရတာပါ။ ကားထုတ်လုပ်တဲ့ စက်ရုံတွေဟာ ဆိုရင်လည်း ထိခိုက်ပျက်စီးမှုတွေ မကြုံရတဲ့တိုင်အောင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေကြောင့် လုပ်ငန်းတွေကို ရပ်ဆိုင်းထားကြရပါတယ်။
နိုင်ငံတကာ ကော်ပိုရေးရှင်းကြီး တခုဖြစ်တဲ့ Credit Suisse Securities က ရင်းနှီးမြုပ်နှံမှုဆိုင်ရာ မဟာဗျူဟာမှူး တဦးဖြစ်တဲ့ ရှင်အိချိ အိချိကာဝါ (Shinichi Ichikawa) ကတော့ တနိုင်ငံလုံးရဲ့ စီးပွားရေးအပေါ် ရိုက်ခတ်နေတဲ့ အကျိုးဆက်တွေဟာ တိုင်းတာလို့ မရနိုင်လောက်အောင်ပဲလို့ ဆိုပါတယ်။
“သက်ရောက်မှုတွေဟာ အတော်ကို တိုးလာနေတယ် ဆိုတာကတော့ သိကြတဲ့အတိုင်း၊ ဂျပန်နိုင်ငံ အရှေ့မြောက်ဘက် တခုတည်း မဟုတ်ပါဘူး၊ တိုကျိုမြို့တော်မှာလည်း ကြုံနေရတာပါ။ တိုကျိုမှာရှိတဲ့ အခြေခံအဆောက်အုံ တချို့ဆိုရင်လည်း တော်တော်ကို ထိခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ငလျင်ကြောင့် စီးပွားရေးအပေါ် ဘယ်လောက်အထိ ဂယက်ရိုက်တယ်ဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။”
အဆင့်မြင့် လက်ကိုင်ဖုန်းတွေကအစ အိတ်ဆောင် ကွန်ပြူတာတွေအဆုံး အသုံးပြုနေကြတဲ့ အချက်အလက် သိမ်းဆည်းနိုင်တဲ့ flash memory အပါအဝင် ကမ္ဘာတဝန်း လျှပ်ကူးပစ္စည်း ထုတ်လုပ်မှုတွေရဲ့ ၅ ပုံ ၁ ပုံ ထွက်တဲ့ ဂျပန်နိုင်ငံက လုပ်ငန်းတွေမှာလည်း ထိခိုက်မယ့် အရေးနဲ့ ကြုံနေရတာပါ။ အဓိက စီးပွားရေး လုပ်ငန်းဖြစ်တဲ့ မော်တော်ကား ထုတ်လုပ်မှုမှာလည်း ကုမ္ပဏီ အတော်များများက မတ်လ တတိယပတ်လောက်အထိ လုပ်ငန်းတွေကို ရပ်ထားရမှာ ဖြစ်တဲ့အကြောင်း ကြေညာထားတာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေ ကြုံနေရတဲ့အတွက် ကမ္ဘာတဝန်းက ကားထုတ်လုပ်မှု လုပ်ငန်းတွေ၊ သင်္ဘောတည်ဆောက်မှု လုပ်ငန်းတွေနဲ့ နည်းပညာ ကုမ္ပဏီတွေ အနေနဲ့လည်း ကုန်ပစ္စည်း ပြတ်လပ်မှုတွေ မကြုံရစေဖို့ ကြိုးပမ်းနေကြရတာပါ။
ဒီလိုပဲ ဂျပန်ကုမ္ပဏီတွေနဲ့ စီးပွားရေး လုပ်ငန်းတွေ လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံက လုပ်ငန်းရှင်တွေ ကြားမှာလည်း စိုးရိမ်မကင်းစရာတွေ ဖြစ်နေကြပါတယ်။ ဂျပန်နိုင်ငံကို အဓိက တင်ပို့ပေးနေတဲ့ အဝတ်အထည် အပါအဝင် တခြားစီးပွားရေး လုပ်ငန်းတွေမှာ လတ်တလော အပြောင်းအလဲတွေ မရှိသေးပေမဲ့ အခြေအနေတွေဟာ ရေရေရာရာ မပြောနိုင်ပဲ ဖြစ်နေရတယ်လို့ မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းရဲ့ ဥက္ကဋ္ဌ ဦးမြင့်စိုး ကပြောပါတယ်။
“ဂျပန်ကိုပို့တာ ကျနော်တို့ အဝတ်ထည်က အများဆုံး၊ အဝတ်ထည်ပြီးရင် ဖိနပ်တွေ၊ ဖိနပ်လည်း ကျနော်တု့ိ အထည်ချူပ်ပါပဲ၊ ပြီးရင် ဒုတိယက ရေလုပ်ငန်း၊ ခုချိန်တော့ ပြောရတာနည်းနည်းခက်တယ်ဗျ၊ ကိုယ့် Counterpart (စီးပွားဘက်) တွေကလည်း ဘာမှမပြော လာသေးတော့ ကျနော်တို့ကတော့ လုပ်မြဲတိုင်းလုပ်၊ သွားမြဲတိုင်းသွား လုပ်နေကြတာပေါ့။ ဘာဖြစ်လာမယ်ဆိုတာ ခုချိန် ဘယ်လိုမှမှန်းလို့မရဘူးပေါ့၊”
ဂျပန်နိုင်ငံက နျူကလီးယား ဓာတ်အားပေး စက်ရုံတွေ ရပ်ဆိုင်းထားရတဲ့အတွက် ပုံမှန်လျှပ်စစ်ဓာတ်အား ပမာဏရဲ့ ၂၇ ရာခိုင်နှုန်းကို လျှော့ချပေးနေရတာကြောင့် စီးပွားရေး လုပ်ငန်းတွေမှာ အခက်အခဲတွေ ကြုံနေရသလို၊ လောင်စာဆီ ပြတ်လပ်မှုဟာလည်း ကုမ္ပဏီတွေ လုပ်ငန်းလည်ပတ်ရေးမှာ အဟန့်အတားတွေ ဖြစ်နေရတာပါ။ ဒီလို စွမ်းအင်နဲ့ လောင်စာ ပြတ်လပ်နေတာတွေ၊ လမ်းပမ်း ဆက်သွယ်ရေးလို အခြေခံ အဆောက်အအုံတွေ ထိခိုက်ပျက်စီးမှုတွေကြောင့် တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးမှု တခုလုံးမှာလည်း ကျဆင်းလိမ့်မယ်လို့ ဆန်းစစ်သူတွေက ခန့်မှန်းကြပါတယ်။ ဒါပေမဲ့လည်း ထိခိုက်ပျက်စီးမှုတွေ ဆုံးရှုံးမှုတွေကို ပြန်လည်မွမ်းမံ တည်ဆောက်နိုင်တာနဲ့အမျှ၊ ဒုတိယကမ္ဘာစစ် ကာလကစလို့ ဂျပန်နိုင်ငံမှာ အဆိုးရွားဆုံး ကြုံနေရတဲ့ လက်ရှိအခြေအနေတွေကနေ ရုန်းထွက်နိုင်မယ့် အလားအလာတွေကလည်း ရှိနေဆဲဖြစ်တယ်လို့ စီးပွားရေး ကျွမ်းကျင်သူတွေက ယုံကြည်ထားကြတဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီတပတ်ရဲ့ စီးပွားရေးကဏ္ဍကို ရပ်နားပါရစေ။