သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန် နျူကလီးယား ဓာတ်ရောင်ခြည် ပြဿနာ ပိုဆိုး


ဂျပန် နျူကလီးယား ဓာတ်ရောင်ခြည် ပြဿနာ ပိုဆိုး
ဂျပန် နျူကလီးယား ဓာတ်ရောင်ခြည် ပြဿနာ ပိုဆိုး

ဂျပန်နိုင်ငံက ငလျင်ဒဏ်ခံခဲ့ရတဲ့ နျူကလီးယား ဓာတ်အားပေး စက်ရုံက ပြဿနာတွေဟာ ပိုမို ကြီးထွားလာနေပါတယ်။

ဖူကူရှီးမား ဓာတ်အားပေး စက်ရုံက ပျက်စီးသွားတဲ့ အမှတ် ၃ ဓာတ်ပေါင်းဖိုမှာ အပူချိန် မြင့်တက်လာနေတာကို လျှော့ချဖို့နဲ့ စက်ရုံထဲက နျူကလီးယား လောင်စာချောင်းတွေ ပျော်ကျ လောင်ကျွမ်းမှာကို တားဆီးနိုင်ဖို့အတွက် အပူတပြင်း ကြိုးပမ်းတဲ့ အနေနဲ့ ရေတွေသွင်းပေးဖို့ ရဟတ်ယာဉ်တွေနဲ့ ကြိုးပမ်းနေကြတာကိုလည်း နိုင်ငံပိုင် ရုပ်မြင်သံကြားက ပြသခဲ့ပါတယ်။

ဒါပေမဲ့လည်း ရေဒီယို သတ္တိကြွမှု အခြေအနေဟာ မြင့်မားနေတဲ့အတွက် မဖြစ်နိုင်တာကြောင့် စစ်တပ်က ဒီအစီအစဉ်ကို ဖျက်လိုက်ရတယ်လို့လည်း NHK ရုပ်မြင်သံကြားက ပြောပါတယ်။

ဓာတ်ပေါင်းဖို အမှတ် ၃ က အဖြူရောင် မီးခိုးတွေ ထွက်လာတာကိုလည်း ရုပ်မြင်သံကြားက ပြသခဲ့တာပါ။ ဒါဟာ ပျက်စီးသွားတဲ့ ဓာတ်ပေါင်းဖိုကို ထိန်းချုပ်ဖို့ ကြိုးစားရာက ထွက်ပေါ်လာတဲ့ ရေနွေးငွေ့တွေ ဖြစ်နိုင်တဲ့အကြောင်း ဂျပန်ဝန်ကြီးအဖွဲ့ အတွင်းဝန်ချုပ် ယူကီအို အီဒါနို (Yukio Edano) က ပြောပါတယ်။

ဂျပန်ရဲတပ်ဖွဲ့ကတော့ မီးလောင်မှုတွေ ဖြစ်ပွားခဲ့ပြီး ရေဒီယို ဓာတ်သတ္တိတွေ စိမ့်ထွက်လာတဲ့ ဓာတ်ပေါင်းဖို အမှတ် ၄ မှာ နျူကလီးယား လောင်စာတွေကို ရေတွေသွင်းပြီး အအေးခံဖို့လည်း စီစဉ်နေတာပါ။

ရေဒီယို သတ္တိကြွနှုန်း မြင့်မားလာတဲ့အတွက် ဒီကနေ့ အစောပိုင်းမှာတုန်းက ခေတ္တ ဘေးလွတ်ရာ ရွှေ့ခဲ့ရတဲ့ ကျွမ်းကျင်သူတွေ ပါဝင်တဲ့ အလုပ်သမား ၅၀ ဟာတော့ စက်ရုံမှာရှိတဲ့ လောင်စာချောင်းတွေ အားလုံးကို ပင်လယ်ရေတွေသွင်းပြီး အအေးပေးနိုင်ဖို့ စက်ရုံထဲ ပြန်ဝင်ခဲ့ကြပါတယ်။

စက်ရုံနဲ့ မိုင် ၂၀ လောက် အတွင်းမှာရှိတဲ့ ဒေသခံတွေကိုတော့ ရေဒီယို သတ္တိကြွမှု အန္တရာယ် ရှိတဲ့အတွက် အိမ်ထဲကအိမ်ပြင် မထွက်ကြဖို့လည်း ညွှန်ကြားထားတာပါ။

အစိုးရ ပြောခွင့်ရသူကတော့ သတ်မှတ်ထားတဲ့ နယ်မြေတွင်း မကြာသေးခင်က စစ်ဆေးမှုတွေမှာတော့ လူတွေရဲ့ ကျန်းမာရေးကို အန္တရာယ် ဖြစ်လောက်တဲ့ အဆင့်အထိ မရှိဘူးလို့ ပြောပါတယ်။

XS
SM
MD
LG