ဂျပန်နိုင်ငံက ငလျင်နဲ့ ဆူနာမီ ရေလှိုင်းဒဏ်တွေကြောင့် သေဆုံး ပျောက်ဆုံးသူ ဦးရေဟာ ၂၁,၀၀၀ ကျော်သွားပြီ ဖြစ်ပါတယ်။
တချိန်တည်းမှာပဲ ဖူကူရှီးမား ဒိုင်အိချိ နျူကလီးယား ဓာတ်အားပေး စက်ရုံက ဆိုးဆိုးဝါးဝါး ပျက်စီးခဲ့တဲ့ နျူကလီးယား ဓာတ်ပေါင်းဖို ၂ ခုမှာ လျှပ်စစ်ဓာတ် ပြန်ပြီးရအောင် လုပ်နိုင်ပြီလို့ အင်ဂျင်နီယာတွေက ပြောပါတယ်။
ဂျပန် ကာကွယ်ရေးဝန်ကြီး တိုရှိမိ ကိတဇာဝါ (Toshimi Kitazawa) က ဓာတ်ပေါင်းဖို ၆ ခုစလုံးမှာ အပူချိန် ၁၀၀ ဒီဂရီ ဆဲလ်စီးယပ်စ်အောက်မှာ ထိန်းထားနိုင်ပြီလို့ ပြောပါတယ်။ စက်ရုံ ၂ ခုမှာရှိတဲ့ အရေးပေါ် ဓာတ်အားထိန်းချုပ်တဲ့ စက်တွေလည်း ပုံမှန် အလုပ် ပြန်လုပ်လာနိုင်ပြီလို့ ဆိုပါတယ်။
တချိန်တည်းမှာပဲ ဂျပန်ဝန်ကြီးချုပ် နာအိုတို ခန် (Naoto Kan) ဟာ စက်ရုံကနေ မိုင် ၁၂၅ အတွင်းမှာရှိတဲ့ အခြေအနေတွေကို ကြည့်ဖို့ တနင်္လာနေ့မှာ သွားရောက်မယ်လို့ ကြေညာလိုက်ပါတယ်။
ဂျပန်အစိုးရအဖွဲ့ ဝန်ကြီး ယူကီအို အီဒါနို (Yukio Edano) ကတော့ စက်ရုံရဲ့ ပျက်စီးမှု ပမာဏဟာ သိပ်ကိုကြီးမားတာမို့ စက်ရုံတခုလုံးကို ပိတ်ပစ်ဖို့ ရှိတယ်လို့ ပြောပါတယ်။
မတ်လ ၁၁ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ဂျပန် သဘာ၀ ဘေးအန္တရာယ် ကျရောက်မှုကနေ တနင်္ဂနွေညနေအထိ သေဆုံး ပျောက်ဆုံးသူ စုစုပေါင်း ၂၁,၀၀၀ ကျော်သွားပြီလို့ ဂျပန်ရဲက အတည်ပြုပါတယ်။ ဒီစာရင်းထဲမှာ ဆူနာမီဒဏ်ကို အကြီးအကျယ် ခံခဲ့ရတဲ့ ဂျပန် အရှေ့မြောက်ပိုင်း ခရိုင် ၄ ခုထဲက ခရိုင်တခုဖြစ်တဲ့ မီယာဂျီခရိုင်က လူ ၁၅,၀၀၀ ကိုလည်း ထည့်သွင်း ခန့်မှန်းထားတာ ဖြစ်ပါတယ်။