သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာတချို့ ဂျပန်မှပြန်လာ


မြန်မာတချို့ ဂျပန်မှပြန်လာ
မြန်မာတချို့ ဂျပန်မှပြန်လာ

ဂျပန်နိုင်ငံမှာကျရောက်ခဲ့တဲ့ ငလျင်နဲ့ ဆူနာမီရေလှိုင်းကြီးတွေကြောင့် ပျက်စီးသွားခဲ့တဲ့ ဖူကူရှီးမားခရိုင် (Fukushima Prefecture) လျှပ်စစ်ဓါတ်အားပေးစက်ရုံ အနုမြူဓါတ်ပေါင်းဖိုကနေ ရေဒီယိုသတ္တိကြွရောင်ခြည်တွေ ပျံ့လွှင့်နိုင်မှု အန္တရာယ်ကြောင့် ဂျပန်နိုင်ငံထဲက ပြန်လည်ထွက်ခွာလာနေကြတဲ့ နိုင်ငံခြားသားတွေထဲမှာ မြန်မာနိုင်ငံသား တချို့လည်း ပါဝင်ပါတယ်။

ဘန်ကောက်မြို့ လေဆိပ်အရောက်မှာ ရေဒီယိုသတ္တိကြွမှု စမ်းသပ်ချက်နဲ့ ကြုံတွေ့ခဲ့ရပြီးတော့ ရန်ကုန်လေဆိပ်မှာတော့ ဘာအစစ်အဆေးမှ မရှိဘူးလို့ တိုကျို (Tokyo) ကနေ ရန်ကုန်မြို့ကို ပြန်ရောက်လာတဲ့သူတဦးက ဆိုပါတယ်။ အပြည့်စုံကို ဆက်သွယ်မေးမြန်းထားတဲ့ မမိုးဖြူက တင်ပြထားပါတယ်။

ဂျပန်နိုင်ငံမှာ ပြီးခဲ့တဲ့သီတင်းပတ်ကစလို့ ကြီးမားပြင်းထန်တဲ့ သဘာဝအန္တရာယ်နဲ့ ကြုံတွေ့ခဲ့ရပြီးတဲ့နောက် ဂျပန်နိုင်ငံထဲမှာ အလုပ်လုပ်ကိုင်နေထိုင်ကြတဲ့ နိုင်ငံခြားသားတွေ ဂျပန်ကနေပြောင်းရွှေ့ထွက်ခွာကြတာမှာ မြန်မာနိုင်ငံသားတချို့လည်း ပါဝင်ပါတယ်။ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ၁၀ နှစ်လောက် နေထိုင်အလုပ်လုပ်ကိုင်ခဲ့တဲ့ မဖြိုးအိသိန်းက အခုလိုပြောပါတယ်။

“ဆူနာမီနဲ့ငလျင်ဖြစ်တဲ့နေရာကတော့ တိုကျိုနဲ့တော့ဝေးတယ်။ ဒါပေမဲ့ တိုကျိုမှာလည်း ငလျင်လှုပ်သွားတော့။ ကျမ ၁၀ နှစ်နေတဲ့ကာလမှာတော့ အကြီးဆုံးလှုပ်တာပဲပေါ့လေ။ အဲဒီတော့ အိမ်ထဲကနေလည်း ထွက်ပြေးတယ်ပေါ့နော်။ ကျန်တဲ့သူငယ်ချင်းတွေကတော့ ရထားထဲမှာ ပိတ်မိနေတာတို့၊ နောက်ပြီးတော့ အလုပ်ထဲမှာတို့၊ မြေအောက်ထဲမှာ ရောက်နေတာတို့ ထွက်ပြေးရတာမျိုးတွေ ရှိပါတယ်။ အပြင်က အပျက်အစီး အများကြီးမရှိပေမဲ့ ရထားတွေ အကုန်လုံးရပ်သွားတဲ့အတွက်ကြောင့်မိုလို့ လူတွေ သွားရလာရ ဒုက္ခရောက်တာပေါ့နော်။”

ဂျပန်နိုင်ငံမှာ မြန်မာလူမျိုးခန့်မှန်းချေ ၄ သောင်းလောက် ရှိတဲ့အထဲက တဝက်ကျော်လောက်ဟာ တိုကျိုမြို့မှာနေထိုင်ကြပြီးတော့ ကျန်တဲ့သူတွေကတော့ အိုဆာကာ (Osaka)၊ နာဂိုယာ (Nagoya) နဲ့ ကျူချူး (Kyushu) ဘက်မှာ နေထိုင်ကြတာများတယ်လို့ သိရပါတယ်။

“ကျမလည်း အရမ်းကြောက်ပြီးတော့ နောက်ထပ်လှုပ်မှာက ပထမလှုပ်တာထက်ကို ၇.၉ လောက် မှန်းတယ်ဆိုတာနဲ့ပဲ ကျမက လက်ထဲမှာလည်း လက်မှတ် အဆင်သင့်ရှိတယ်၊ နောက်ပြီး အခွန်ဆောင်ထားတာတွေလည်း ရှိတယ်ဆိုတော့ သံရုံးကိုတော့ သွားစရာမလိုခဲ့ဘူးပေါ့နော်။ ချက်ချင်း လေယာဉ်လက်မှတ်ကို booking လုပ်ပြီးတော့ နောက်ရက်မှာ ရတယ်ပေါ့လေ။ ဘန်ကောက်ရောက်တော့ ကျမတို့ကို လေယာဉ်ပေါ်ကနေအဆင်းမှာ radiation check လုပ်ပါတယ်။ body ကိုပေါ့နော်။ ပြီးတော့မှ လေဆိပ်ထဲကိုဆင်းရပါတယ်။ ဒီလောက်ပါပဲ။ ရန်ကုန်လေဆိပ်အဝင်ကတော့ ဘာမှမရှိပါဘူး။ အေးဆေးပါပဲ။”

တိုကျိုမြို့က မကြာသေးခင်ရက်ပိုင်းက ပြန်ရောက်လာခဲ့တဲ့ မဖြိုးအိသိန်း ပြောပြခဲ့တာပါ။

တရုတ်နိုင်ငံ ဆင်ဝှါ (Xinhua) သတင်းဌာနနဲ့ အပတ်စဉ်ထုတ် Voice သတင်းဂျာနယ်တွေမှာပါတဲ့ သတင်းတွေအရ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဂျပန်က ဝင်ရောက်လာသူတွေကို ရေဒီယိုသတ္တိကြွဓါတ် ကင်းစင်မှုရှိမရှိ စစ်ဆေးဖို့ မတ်လ ၁၈ ရက်နေ့ လေကြောင်းခရီးစဉ်က စတင်လို့ ကျန်းမာရေးနဲ့ သိပ္ပံနဲ့နည်းပညာ ဝန်ကြီးဌာနတို့က ပူးပေါင်းစစ်ဆေးမှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

XS
SM
MD
LG