ဂျပန်နိုင်ငံမြောက်ပိုင်း ကမ်းလွန်နဲ့ ရုရှားနိုင်ငံ အရှေ့ဘက်အစွန် ကမ်းလွန်မှာရှိတဲ့ ကျွန်းစုတွေကို သူပိုင်ကိုယ်ပိုင် နှစ်နိုင်ငံအကြား ဆယ်စုနှစ်ပေါင်းများစွာ အငြင်းပွားနေတဲ့ကိစ္စ တင်းမာမှုတွေ ပြေလျော့ရေးအတွက် ဆွေးနွေးကြဖို့ နှစ်နိုင်ငံက ထိပ်တန်းသံတမန်တွေ မနက်ဖြန် တွေ့ဆုံကြမှာဖြစ်ပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေ လာရို့ဖ် နဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဆာဂျီမီဟာရာ တို့ဟာ တံခါးပိတ် စည်းဝေးပွဲကို မနက်ဖြန် ရုရှားနိုင်ငံ မော်စကိုမြို့တော်မှာ ပြုလုပ်ကျင်းပကြမှာဖြစ်ပါတယ်။ အငြင်းပွားနေကြတဲ့ ကျွန်းတွေမှာ နေထိုင်ကြသူ စုစုပေါင်း ၁၆,၀၀၀ လောက်ပဲ ရှိတာဖြစ်ပါတယ်။ အဲဒီကျွန်းစုတွေကို ရုရှားက တောင်ပိုင်း ခါရစ် လို့ခေါ်ပြီး ဂျပန်ကတော့ မြောက်ပိုင်းနယ်မြေများလို့ ခေါ်တာဖြစ်ပါတယ်။
ဒီအငြင်းပွားနေတဲ့ကျွန်းစုနဲ့ပတ်သက်ပြီး ရုရှားဘက်က အဆိုပြုခဲ့တာက အဲဒီဒေသကို အခွန်မဲ့ လွတ်လပ်စွာ ကုန်သွယ်နိုင်တဲ့ နယ်မြေအဖြစ် သတ်မှတ်ပြီး ဂျပန်ကိုလည်း လာရောက် ရင်းနှီးမြှုပ်နှံခွင့်ပေးဖို့ ကမ်းလှမ်း ဖိတ်ခေါ်ထားခဲ့ပါတယ်။ ဒီလို ဖိတ်ခေါ်ကမ်းလှမ်းချက်ကို ဂျပန်ခေါင်းဆောင်တွေက အခုချိန်ထိ လက်ခံသေးပါဘူး။ အဲဒီလို လက်မခံဘဲ ဂျပန်အနေနဲ့ အဲဒီကျွန်းကို ထိန်းချုပ်ဖို့ကြိုးစားလာမယ်ဆိုရင်တော့ အဲဒီမှာ ရုရှားစစ်တပ်ကို စေလွှတ်ချထားရလိမ့်မယ်လို့ ရုရှားကပြောခဲ့ပါတယ်။
ဒုတိယကမ္ဘာစစ်ကြီးပြီးခဲ့တဲ့အချိန်ကစပြီး အဲဒီကျွန်းစုတွေကို ရုရှားက ထိန်းချုပ်လာခဲ့တာ ဖြစ်ပါတယ်။ အဲဒီကတည်းက ဒီကျွန်းစုတွေနဲ့ပတ်သက်ပြီး နှစ်နိုင်ငံ အငြင်းပွားလာခဲ့တာ အခုချိန်ထိ ဖြေရှင်းလို့မရဘဲ ဖြစ်နေတာဖြစ်ပါတယ်။