ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံကြားမှာ စစ်ရေးကိစ္စတွေနဲ့ ပတ်သက်ပြီး အတိတ်ကဖြစ်ခဲ့တဲ့ အငြင်းပွားမှုတွေကို အမြန်ဆုံးဖြေရှင်းဖို့ သဘောတူလိုက်တယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီး Yasukasu Hamada က ဒီနေ့ ပြောလိုက်ပါတယ်။ ဂျပန်ကာကွယ်ရေးဝန်ကြီး Hamada ဟာ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး Lee Jong Sup နဲ့ စင်ကာပူနိုင်ငံမှာ ကျင်းပနေတဲ့ Shangri La လုံခြုံရေးဆွေးနွေးပွဲမှာ တွေ့ဆုံဆွေးနွေးပြီးတဲ့နောက် အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။
၂ နိုင်ငံကြား ဆိုင်းငံ့နေတဲ့ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပြီး၊ ၂၀၁၈ က ဖြစ်ခဲ့တဲ့ ရေဒါပြဿနာမျိုး ထပ်ပြီးမဖြစ်အောင် ကာကွယ်ဖို့ ခြေလှမ်းတွေအပါအဝင် ဆွေးနွေးမှုတွေကို အရှိန်အဟုန်မြင့်လုပ်ဆောင်ဖို့ သဘောတူခဲ့ကြတယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီးက သတင်းထောက်တွေကို ဆွေးနွေးပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဂျပန်နိုင်ငံအနေနဲ့ တောင်ကိုရီးယားနဲ့ ဆက်ပြီးတော့ နီးနီးကပ်ကပ် ဆက်ဆံသွားမယ်လို့လည်း သူက ပြောပါတယ်။
တချိန်တည်းမှာပဲ၊ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က မြောက်ကိုရီးယားဘက်က အောင်မြင်မှုမရတဲ့ ဒုံးကျည်လွှတ်တင်မှုနဲ့ ပတ်သက်ပြီး ဂျပန် နဲ့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ၂ ယောက်စလုံးက ပြစ်တင်ရှုတ်ချလိုက်ပြီး ၊ ဒါဟာ ပဲ့ထိန်းဒုံးနည်းပညာကို အသုံးမပြုဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို စိုးရိမ်စရာကောင်းလောက်အောင် ချိုးဖောက်လိုက်တာ ဖြစ်တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။