သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်မှာ ၇.၃ ပြင်းအားငလျင်ကြောင့် ဆူနာမီသတိပေးချက် ထုတ်ပြန်


ဂျပန်မှာ ၇.၃ ပြင်းအားငလျင်ကြောင့် ဆူနာမီသတိပေးချက်ထုတ်ပြန်
ဂျပန်မှာ ၇.၃ ပြင်းအားငလျင်ကြောင့် ဆူနာမီသတိပေးချက်ထုတ်ပြန်

ဂျပန်နိုင်ငံအရှေ့မြောက်ဖက် Fukushima ခရိုင်ကမ်းလွန်ကို ဗဟိုပြုပြီး ၇.၃ ပြင်းအားရှိတဲ့ ငလျင်တခု အင်္ဂါနေ့မနက် ၆ နာရီလောက်မှာ လှုပ်ခတ်ခဲ့ပြီးနောက် ဆူနာမီသတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေ့က မြေငလျင်လှုပ်မှုအပြင် ဆူနာမီသတိပေးချက်တွေနဲ့ပတ်သက်လို့ ထိရောက်စွာကိုင်တွယ်ဖို့ ညွှန်ကြားထားတယ်လို့ အတွင်းဝန်ချုပ် Yoshi Hide Suga က သတင်းစာရှင်းပွဲမှာ ခုလိုပြောသွားပါတယ်။

“ဆူနာမီသတိပေးချက်တွေ ဂျပန်အရှေ့မြောက်ပိုင်းနဲ့ မြောက်ပိုင်းမှာ ထုတ်ပြန်ထားပြီးဖြစ်တဲ့အတွက် သတိပေးချက်ထုတ်ပြန်ထားတဲ့ နေရာတလျှောက် နေထိုင်ကြသူတွေအနေနဲ့ ဘေးကင်းရာကို သွားကြဖို့အပြင် ငလျင်လှုပ်ခဲ့တဲ့ဒေသမှာနေထိုင်ကြသူတွေအနေနဲ့ နောက်ဆုံးထုတ်ပြန်တဲ့ သတင်းအချက်အလက်တွေအတိုင်း သေသေချာချာ လိုက်နာကြဖို့” အစိုးရအဖဲ့ွ အတွင်းဝန်ချုပ် Yoshi Hide Suga က သတင်းစာရှင်းပွဲမှာ စကားပြန်ကတဆင့် ပြောခဲ့တာဖြစ်ပါတယ်။

ဂျပန်ဝန်ကြီးချုပ်က သတင်းစာရှင်းပွဲခေါ်ယူခဲ့ပြီး ထိခိုက်ဒဏ်ရာရမှုတွေ၊ အပျက်အစီးတွေနဲ့ပါတ်သက်လို့ သတင်းအချက်အလက်တွေ စုဆောင်းနေပြီး လိုအပ်တဲ့ ကူညီကယ်ဆယ်မှုတွေလုပ်ကြဖို့ ညွှန်ကြားထားတဲ့အကြောင်း ပြောကြားခဲ့ပါတယ်။ Tokyo မြို့တော်ရဲ့ အရှေ့မြောက်ဖက် ၂၅၀ ကီလိုမီတာလောက်အဝေးက မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တယ်လို့ အမေရိကန်ဘူမိဗေဒတိုင်းတာရေးအဖွဲ့ကပြောပါတယ်။ ထိခိုက်ဒဏ်ရာရသူရှိမရှိ လောလောဆယ် မသိရသေးပေမဲ့၊ ၁၀ ပေလောက်မြင့်တဲ့ ဒီလှိုင်းကြီးတွေ အရှေ့မြောက်ကမ်းရိုးတမ်းကို ရိုက်ခတ်နိုင်တဲ့အတွက် အဲဒီဒေသတွေမှာ နေထိုင်နေကြသူတွေ ဘေးကင်းရာပြောင်းကြဖို့ ဂျပန်အစိုးရရဲ့ NHK သတင်းဌာနက သတိပေးနေပါတယ်။ Tokyo နဲ့ နည်းနည်းလှမ်းတဲ့ နေရာမှာ ငလျင်လှုပ်ခဲ့တာဖြစ်ပေမဲ့ ငလျင်ဒဏ်ကို ခံစားခဲ့ရတယ်လို့ Tokyo မြို့တော်မှာနေတဲ့ ဦးသန်းဆွေက VOA မြန်မာပိုင်းကို ပြောပါတယ်။

“Tokyo မှာကတော့ ကျနော်တို့မနက်က အစောကြီးအိပ်နေတဲ့အချိန် အိပ်တဲ့လူတွေလန့်နိုးသွားလောက်အောင် အတော်လေးပြင်းပါတယ်။ ဂျပန်ကျွန်းရဲ့အရှေ့မြောက်ဘက် ပင်လယ်တွင်းမှာ လှုပ်တယ်လို့ ကျနော်တို့ သိရတယ်။ ပြင်းအား ၇.၃ လောက် ရှိတယ်ဆိုပြီးတော့ ဂျပန်နိုင်ငံတဝှန်းမှာ ဆူနာမီ warning တွေပေးပြီးတော့ အခု တီဗီမှာလည်း live တွေက တောက်လျှောက်လွင့်ထားပါတယ်။ ကျနော်တို့ အရင်ငလျင်လှုပ်ခဲ့တဲ့ Fukushima တို့ Sendai တို့ အရှေ့ဘက်တခြမ်းလုံးကို ဆူနာမီ alart ထုတ်ထားပြီးတော့ အခုဒီမှာ ဆူနာမီ ဒီထက်ပိုပြီးကြီးလာမယ်လို့ သူတို့ပြောပြီးတော့ TV မှာတောက်လျှောက်ပြနေပါတယ်။”

၂၀၁၁ ခုနှစ်တုန်းက ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးထားတဲ့ Fukushima မြို့က Daiichi nuclear စက်ရုံကို အခုမနက် ငလျင်လူပ်ခဲ့ပြီး စစ်ဆေးတဲ့အခါမှာတော့ အခုငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှု မရှိကြောင်း ဂျပန်အစိုးရက သတင်းထုတ်ပြန်ပါတယ်။ စက်ရုံအမှုထမ်းအားလုံးကို ဘေးကင်းရာကို ရွှေ့ပြောင်းပေးထားတယ်လို့ ပြောပါတယ်။ Onahama ဆိပ်ကမ်းကနေ ၂ ပေနီးပါးရှိတဲ့ ဆူနာမီဒီလှိုင်းတေ့ွရှိခဲ့ပြီး ကမ်းနဲ့နီးလာလေ ဒီလှိုင်းပိုမြင့်လာနိုင်တဲ့အတွက် ဆူနာမီသတိပေးချက်ကို ပေါ့ပေါ့ဆဆ မနေကြဖို့နဲ့ ဘေးလွတ်ရာကို ပြောင်းကြဖို့လည်း အစိုးရက တိုက်တွန်းနေပါတယ်။ ဂျပန်နိုင်ငံ အရှေ့ဖက်ခြမ်းမှာ ပြေးဆွဲနေတဲ့ ကျည်ဆံရထားတွေကို ယာယီရပ်ဆိုင်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG