ဂျပန်နိုင်ငံမှာ ဆေးလိပ်အခွန်ကို ၄၀ ရာခိုင်နှုန်းအထိ တိုးမြှင့်လိုက်ပါတယ်။ ကမ္ဘာပေါ်မှာ ဆေးလိပ်အသောက်ဆုံး နိုင်ငံတခုအနေ နဲ့ ဆေးလိပ်သောက်တာကို လျှော့ချဖို့ မျှော်လင့်ပြီး အခုလို တိုးလိုက်တာပါ။
သောကြာနေ့ကစပြီး အသက်ဝင်ခဲ့တဲ့ အဲဒီအခွန်တိုးမြှင့်တာဟာ စီးကရက်တံဆိပ်အမျိုးမျိုးရဲ့ တဘူးဈေးနှုန်းကို ငါးဒေါ်လာ ဒါမှ မဟုတ် အဲဒီထက်ပိုများသွားမှာဖြစ်ပြီးတော့ အမေရိကန် တချို့ပြည်နယ်တွေက ဈေးနဲ့ တူတူဖြစ်သွားပါလိမ့်မယ်။
ဆေးလိပ်ခွန်တိုးကောက်တာဟာ အခွန်ငွေ တိုးရဖို့ရည်ရွယ်တာမဟုတ်ဘဲ ဆေးလိပ်သမားတွေ ဆေးလိပ်ဖြတ်အောင် တွန်းအား ပေးဖို့ ရည်ရွယ်တာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒါပေမဲ့လည်း အခုလို တိုးကောက်လိုက်တဲ့အတွက် ပထမနှစ်မှာတင် အခွန်ငွေ ဒေါ်လာ ၇၅၆ သန်း တိုးရမယ်လို့ ခန့်မှန်းထားပါတယ်။
ဂျပန်အမျိုးသား သုံးပုံတပုံကျော် ဆေးလိပ်သောက်ကြတယ်ဆိုတာကို လေ့လာချက်အမျိုးမျိုးကနေ သိထားရပါတယ်။ အဲဒါဟာ ၁၉၆၀ ပြည့် နှစ်လည်ပိုင်းတွေက ငါးယောက်မှာ လေးယောက် သောက်ခဲ့တာထက်စာရင် လျော့သွားတာပါ။ ဂျပန်အမျိုးသမီး ရှစ်ယောက်မှာ တယောက် ဆေးလိပ်သောက်ကြပါတယ်။