သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်-ထိုင်း လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်


ဂျပန်ဝန်ကြီးချုပ် Shinzo Abe
ဂျပန်ဝန်ကြီးချုပ် Shinzo Abe
ထိုင်းနိုင်ငံနဲ့ ဂျပန်နိုင်ငံကြား ဆက်ဆံရေး ပိုမို ခိုင်မြဲဖို့နဲ့ လုံခြုံရေးရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်စေဖို့ ထိုင်းဝန်ကြီးချုပ် Yinluck Shinawatra နဲ့ ဂျပန်ဝန်ကြီးချုပ် Shinzo Abe တို့ ကြာသပတေးနေ့က ဂျပန်နိုင်ငံ မှာ တွေ့ဆုံခဲ့ကြပါတယ်။ အာရှ ပစိဖတ်ဒေသတွင်း သိသာတဲ့ အပြောင်းအလဲတွေ ဖြစ်နေချိန်မှာ ထိုင်းနိုင်ငံနဲ့ ဗျူဟာမြောက်ဆက်ဆံရေးကို ပိုပြီးခိုင်မာစေချင်တယ်လို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက တိုကျို မြို့တော်မှာ ထိုင်းဝန်ကြီးချုပ်ကို မတွေ့ဆုံခင်မှာပဲ ပြောကြားခဲ့ပါတယ်။ ဝန်ကြီးချုပ် နှစ်ယောက် တွေ့ဆုံမှုအတွင်း ၂ နိုင်ငံကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

ဂျပန်ဘက်က ထိုင်းနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ရာမှာ ထိုင်းနဲ့မြန်မာအစိုးရတို့ ကြီးကြပ်နေတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုံ စီမံကိန်းတွေမှာ ဂျပန်စီးပွားရေးလုပ်ငန်းတွေ လာရောက်ရင်းနှီးဖို့ကိုလည်း ထိုင်းဝန်ကြီးချုပ်က စွဲဆောင် ရှင်းပြခဲ့ပါတယ်။ ထားဝယ်ရေနက်ဆိပ်ကမ်းဟာ မြန်မာနဲ့ ပစိဖိတ် နိုင်ငံတွေကို ဆက်သွယ်ပေးမယ့် လမ်းကြောင်းတခု ဖြစ်တာမို့ ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုံမှာ ရင်းနှီးမြှုပ်နှံရင် ဂျပန်အတွက် အကျိုးအမြတ်တွေ ရစေမယ်လို့ ထိုင်းဝန်ကြီးချုပ်က ဂျပန်ဝန်ကြီးချုပ်ကို ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းမှာရှိတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုံ ဆောက်လုပ်ရေးအတွက် ထိုင်းနိုင်ငံက ထိပ်တန်း ဆောက်လုပ်ရေးလုပ်ငန်းကြီးဖြစ်တဲ့ Italian Thai လုပ်ငန်းကြီးက အဓိက လုပ်ပိုင်ခွင့်တွေ ရရှိထားပေမဲ့ စီမံကိန်းအကောင်အထည်ဖော်ဖို့ ငွေကြေး အခက်အခဲ ရှိနေတဲ့အတွက် ထိုင်းအစိုးရက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်နေတာဖြစ်ပါတယ်။ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ဟာ နှစ်ပေါင်း ၄၀ နီးပါးအတွင်းမှာ မြန်မာနိုင်ငံကို ပထမဆုံး သွားရောက်တဲ့ ဂျပန်ဝန်ကြီးချုပ် တယောက်အနေနဲ့ ဒီကနေ့ သောကြာနေ့မှာ မြန်မာနိုင်ငံကို သွားရောက် မှာဖြစ်ပါတယ်။ ၃ ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်မှာ ဂျပန်ဝန်ကြီးချုပ်နဲ့အတူ ဂျပန် စီးပွားရေးလုပ်ငန်းရှင်ကြီးတွေလည်း လိုက်ပါသွားကြမယ်လို့ သိရပါတယ်။
XS
SM
MD
LG