သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှေစီးပြေးတွေအတွက် ဒေါ်လာ ၃ သန်းခွဲ ဂျပန်နိုင်ငံက ကူညီမည်


ဂျပန်နိုင်ငံခြားရေးဝန်ကြီး Fumio Kishida
ဂျပန်နိုင်ငံခြားရေးဝန်ကြီး Fumio Kishida

မြန်မာနိုင်ငံက ထွက်ပြေးလာသူတွေအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေကို ဝင်ရောက်ဖို့ကြိုးစားနေကြတဲ့ လှေစီးပြေးတွေအတွက် နိုင်ငံတကာ အဖွဲ့အစည်းတွေကတဆင့် အမေရိကန်ဒေါ်လာ ၃သန်းခွဲ ကူညီသွားမယ်လို့ ဂျပန်နိုင်ငံက ကတိပေးလိုက်ပါတယ်။ မြန်မာနိုင်ငံအပါအဝင် အာရှဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်မှုရဖို့ ဆောင်ရွက်နေတဲ့လုပ်ငန်းစဉ် တစိတ်တပိုင်းအဖြစ် ဂျပန်နိုင်ငံက ကူညီပေးသွားမှာဖြစ်ပါတယ်။ အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင်က စုစည်း တင်ပြထားပါတယ်။

နိုင်ငံရွှေ့ပြောင်းအခြေချဖို့အတွက် အရှေ့တောင်အာရှ ပင်လယ်ပြင်ကိုဖြတ်ရင်း ဒုက္ခရောက်နေတဲ့ လှေစီးပြေးဒုက္ခသည်တွေကိုနိုင်ငံတကာအဖွဲ့အစည်း တွေကတဆင့် အမေရိကန်ဒေါ်လာ ၃ သန်းခွဲ ဂျပန်အစိုးရက ကူညီသွားမှာဖြစ်ပါတယ်။ အဲဒီထဲမှာ မြန်မာနိုင်ငံကထွက်ပြေးလာတဲ့ ရိုဟင်ဂျာဆိုသူတွေ လည်း ပါဝင်ပါတယ်။ ဂျပန်နိုင်ငံ တိုကျိုမြို့က ကုလသမဂ္ဂတက္ကသိုလ်မှာ ဒီနေ့ကျင်းပတဲ့ ဒုတိယကမ္ဘာစစ်ပြီးဆုံးခြင်း အနှစ် ၇ဝ ပြည့် အထိမ်းအမှတ် အခမ်းအနားကို တက်ရောက်ဖို့ အာရှ ၁၂ နိုင်ငံက အစိုးရပိုင်းဆိုင်ရာ ခေါင်းဆောင်တွေကို ဖိတ်ကြားခဲ့ပြီး အဲဒီအခမ်းအနားမှာ ဂျပန် နိုင်ငံခြားရေးဝန်ကြီး Fumio Kishida က ပြောသွားတာပါ။ ဒါဟာ အာရှဒေသတွင်း အေးချမ်းတည်ငြိမ်ရေးအတွက်ရည်ရွယ်ပြီး ဂျပန်နိုင်ငံက ကူညီတာ ဖြစ်တယ်လို့ အဲဒီအခမ်းအနားမှာ နိုင်ငံခြားရေးဝန်ကြီး Fumio Kishida က ပြောသွားပါတယ်။

“ဂျပန်နိုင်ငံဟာ အိမ်နီးချင်းမိတ်ဆွေနိုင်ငံတွေနဲ့ ခိုင်မာတဲ့ဆက်ဆံရေးကို ဆက်လက်တည်ဆောက်သွားမှာဖြစ်ပြီး အာရှဒေသ နိုင်ငံတွေမှာ ငြိမ်းချမ်းရေး ရလာစေဖို့ အမျိုးသားပြန်လည်သင့်မြတ်ရေးတွေ ရှိလာစေဖို့နဲ့ ဒီမိုကရေစီဖြစ်ထွန်းလာစေဖို့ ကူညီသွားမှာ..” ဖြစ်တယ်လို့ မစ္စတာ Kishida က ပြောသွားတာ ဖြစ်ပါတယ်။

ကမ္ဘာစစ်ကြီးပြီးဆုံးသွားပေမယ့်လည်း အာရှဒေသတွင်းမှာ ပဋိပက္ခတွေဆက်ဖြစ်နေတဲ့ဒေသတွေကို ဂျပန်အနေနဲ့ ဆက်လက်ကူညီသွားမယ်လို့လည်း မစ္စတာ Kishida က ကမ်းလှမ်းသွားပါတယ်။

၂၀၁၀ နောက်ပိုင်း နိုင်ငံရေးအပြောင်းအလဲတွေ ဖြစ်ပေါ်လာတဲ့ မြန်မာနိုင်ငံအတွက်လဲ အပစ်ရပ်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအပါအဝင် ပဋိပက္ခတွေ ရင်ဆိုင်နေရဆဲ တိုင်းရင်းသားဒေသတွေအတွက်ပါလာမယ့် ၅ နှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၁၀၀ နီးပါး ဂျပန်အစိုးရက ကူညီသွားမှာ ဖြစ်တယ်လို့တိုကျိုမြို့၊ ကုလသမဂ္ဂတက္ကသိုလ် အခမ်းအနားကိုတက်ရောက်တဲ့ MPC မြန်မာငြိမ်းချမ်းရေးစင်တာ တာဝန်ရှိသူ ဦးလှမောင်ရွှေက ပြောပါတယ်။

“ဂျပန်နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ တရားဝင်ပြောသွားတာရှိပါတယ်။ အဲဒါကတော့ လာမယ့်ငါးနှစ်အတွင်းမှာ မြန်မာနိုင်ငံကိုတော့ ငြိမ်းချမ်းရေးနဲ့ ဒေသတွင်းမှာ ဒီမိုကရေစီ….၊ Peace Building, …National Reconciliation ဖြစ်စဉ်တွေအတွက်ကိုတော့ သူတို့အနေနဲ့ စောင့်ကြည့်နေတယ်ပေါ့နော်၊ အမေရိကန်ဒေါ်လာ သန်း ၁၀၀ လျော့လျော့လောက် ထပ်ပြီးတော့ အကူအညီပေးမယ်ဆိုတာကိုတော့ သူတရားဝင်ပြောသွားတာရှိပါတယ်။”

အခုပေးမယ့်အကူအညီတွေကို ဘယ်နေရာတွေမှာ သုံးစွဲမယ်ဆိုတာနဲ့ပတ်သက်ပြီးလည်း ဦးလှမောင်ရွှေက ရှင်းပြပါတယ်။

“အစိုးရကိုအသိပေးပြီးတော့ သူတို့ကူညီချင်တဲ့နေရာတွေကို သူတို့ပေးတာပိုများပါတယ်။ အထူးသဖြင့်တော့ လူသားချင်းစာနာထောက်ထားတဲ့ဟာတွေနဲ့ conflict ဒေသကဟာတွေလည်း ပါတာပေါ့လေ။ ကျနော်တို့အစိုးရ NPC တို့ ဘာတို့ကိုလည်း သူတို့အနေနဲ့ အနည်းငယ် ပေးတာတွေတော့ ရှိတယ်။ ဒါပေမယ့် အဲဒါက ဒီလောက်အများကြီးတော့ မဟုတ်ဘူးဗျ။ လုပ်ငန်းလည်ပတ်ဖို့တို့၊ အစည်းအဝေးလုပ်ဖို့တို့ဆိုတဲ့ ဟာမျိုးလောက်ပဲ NPC တို့ဘာတို့နဲ့ ဆက်စပ်တာပါ။ ကျန်တာတွေကတော့ သူတို့ရဲ့ရည်မှန်းချက်ဟာတွေကိုတော့ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပြီးတော့ ဆောင်ရွက်တာတွေ ရှိပါတယ်။”

အာရှနိုင်ငံတွေကို အခုလိုပေးတဲ့ အကူအညီတွေဟာ ဂျပန်ဝန်ကြီးချုပ် မစ္စတာအာဘဲ့အစိုးရရဲ့လက်ရှိမူဝါဒကို ထင်ဟပ်စေဖို့ဖြစ်သလို ဂျပန်နိုင်ငံက အမျိုးသား လုံခြုံရေးဆိုင်ရာဥပဒေမူကြမ်းကို ပြန်လည်သုံးသပ်ဖို့ လွှတ်တော်မှာဆွေးနွေးနေချိန်မှာပဲ ဒေသတွင်းငြိမ်းချမ်းရေးဖြစ်စဉ်တွေအတွက် အကူအညီ ပေးလာတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒုတိယကမ္ဘာစစ်ကိုအဆုံးသပ်စေဖို့ အဏုမြူဗုံးကျခဲ့တဲ့ ဟီရိုရှီးမားနဲ့ နာဂါဆကီမြို့တွေကို လေ့လာနိုင်ဖို့ အာရှဒေသက လူငယ် ၃၀၀ ကိုလည်း ဖိတ်ကြားသွားဖို့ စီစဉ်ထားကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး Fumio Kishida က ပြောပါတယ်။

XS
SM
MD
LG